Tuesday, November 1, 2016

မြစ်သားမြို့ စမုံမြစ်ရေလျှံသောကြောင့် ကျေးရွာတစ်ချို့ ရေဝင်ရောက်

အောင်ကိုဦး

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် စမုံမြစ်ရေလျှံမှုကြောင့် အနိမ့်ပိုင်းကျေးရွာအချို့ ရေဝင်ရောက်နေသော ကြောင့် ကယ်ဆယ်ကူညီရေးများ ပြုလုပ်လျှက်ရှိသည်ဟု မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ် ရေးမှူး ဦးအေးနိုင်က မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၃၀ ရက်၊ ညနေပိုင်းက ရွာသွန်းခဲ့သော မိုးကြောင့် စမုံမြစ်ရေလျှံကာ အနိမ့်ပိုင်း ကျေးရွာများဖြစ်သည့် နဘူးလေး၊ ပေါက်မြိုင်၊ အင်းရင်း၊ ဒရယ်ခေါင်း၊ ဆင်ခြံ စသည့် ကျေးရွာများသို့ မြစ်ရေများဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မြင်းခြံ - မန္တလေး လမ်းပိုင်းရေကျော်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

"အခုရေက ကျနေပါတယ်။ တစ်ချို့ကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတွေစီမှာ ပြောင်းရွှေ့ နေထိုင်နေကြပါ တယ်။ ပျက်စီးဆုံးရှုံးမှုတော့ မရှိပါဘူး။ မြင်းခြံ - မန္တလေး လမ်းပိုင်းရေထပ်မကျော်ဖို့လည်း မီးသတ်ဝန်ထမ်းတွေနဲ့ ပူး ပေါင်းပြီး တာဖို့နေပါတယ်။ လိုအပ်တဲ့ အကူအညီပေးနိုင်ဖို့ဆောင်ရွက်နေပါတယ်"ဟု ဦးအေးနိုင်က ပြောသည်။

အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းမှ စတင်၍ ရေများကျဆင်းနေရာ လက်ရှိအခြေအနေတွင် ၂ပေ၊ ၃ပေခန့်သာ ကျန် တော့ကြောင်း သိရသည်။

ထိုသို့ မြစ်ရေလျှံနေခြင်းကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ဖြတ်တောက်ထားကြောင်း သိရသည်။

ဒေသခံအချို့မှာ မြစ်ရေပြန်လျှံလာမည်ကို စိုးရိမ်နေသောကြောင့် သီးနှံများနှင့် တိရိစ္ဆာန်အား ရေလွှတ်ရာ သို့ရွှေ့ပြောင်း မှုများ ပြုလုပ်လျှက်ရှိကြောင်း ဆင်ခြံကျေးရွာမှ ဦးပေါက ဆိုသည်။

"ရာသီဥတုက အစိုးမရတော့ ရွှေ့ရတယ်။ ဖြစ်သွားရင် အကုန်ဆုံးရှုံမှာလေ။ ဒါကြောင့် တစ်ချို့ကတော့ ရွှေ့နေကြတယ် "ဟု ဦးပေါက ပြောသည်။

လက်ရှိ လိုအပ်သည့် အကူညီများ ဆောင်ရွက်ပေးခြင်းကို မြို့နယ်ထွေအုပ်၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများ က ပြုပ်လုပ်ပေးလျှက်ရှိကြောင်းသိရသည်။

No comments: