Thursday, November 3, 2016

ဂုတ်တွင်းလမ်း ယာဉ်ကြောပိတ်ခြင်း၊ ယာဉ်မတော်တဆမှု လျှော့နည်းစေရန်နှင့် ကုန်စည်စီးဆင်းမှု မြန်စေရန် နောင်ချိုမြို့ရှောင်လမ်း ဖောက်မည်

အောင်ကိုဦး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ဂုတ်တွင်းလမ်းပိုင်းတွင် ယာဉ်ကြောပိတ်ဆိုမှုနှင့် ယာဉ်မတော်တဆမှု များ လျှော့နည်းစေရန်နှင့် ကုန်စည်စီးဆင်းမှု ပိုမိုလျှင်မြန်စေရန်အတွက် နောင်ချိုမြို့ရှောင်လမ်း(လေးလမ်းသွား) ဖောက် လုပ်ရန် မြေအနေထား စမ်းသပ်မှု ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဟု Oriental Highway ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ ဦး သက်ဆွေက မဇ္ဈိမကို ပြောသည်။

"အဓိက ကတော့ ကုန်စည်စီးဆင်းမှုနဲ့ ယာဉ်ကြောမပိတ်ဆို့ဖို့အတွက် လမ်းသစ်ဖောက်ဖို့ လုပ်ရတာပါ။ အခုလမ်း သစ် ဖောက်မယ့်မြေအနေအထား စမ်းသပ်နေတာ ၉၀ ရာခိုင်နှုန်းပြီးနေပါပြီ။ ဂုတ်တွင်းလမ်းကိုလည်း အကောင်းဆုံးဖြစ် အောင်ပြင်ဆင်နေပါတယ် " ဟု ဦးသက်ဆွေက ပြောသည်။

နောင်ချိုမြို့ရှောင်လမ်း ဖောက်လုပ်ရန်အတွက် ၂၀၁၅ ခုနှစ်မှ စတင်၍ Oriental Highway ကုမ္ပဏီက မြေယာစမ်း သပ် မှုများပြုလုပ်နေခြင်း ဖြစ်သည်။ အဆိုပါ လမ်းမှာ နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာနှင့် ဆီးပင်ကျေးရွာတို့ကို ဖြတ်သန်း၍ ၁၃ မိုင် ဖောက်လုပ်သွား မည်ဖြစ်သည်။

" မြေယာလျော်ကြေးပေးဖို့ တိုင်းထွာပြီး အစိုးရအဖွဲ့ကို တင်ပြဆောင်ရွက်ဆဲပါ။ ဒီလမ်းပြီးရင်တော့ နောင်ချိုမြို့တွင်း လည်း ယာဉ်ကြောရှင်းသွားမယ်။ သွားလာရမယ့် အချိန်လည်းတိုသွားမယ်" ဟု ဦးသက်ဆွေက ပြောသည်။

မြို့ရှောင်လမ်း ဖေါက်လုပ်ရေးအတွက် ကုမ္ပဏီမှ ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်ရရှိထားပြီးဖြစ်၍ လိုအပ်သည့် မြေယာ လျော်ကြေးကိစ္စနှင့် (Soil Test)ပြီးစီးလျှင် လုပ်ငန်းစတင်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments: