Wednesday, November 2, 2016

မောင်တောစစ်ဆင်ရေးတွင် မြေပြင်ထောက်လှမ်းရေးသတင်းရရှိရန် ခက်ခဲနေ

ကိုအောင်


ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက အကြမ်းဖက်အဖွဲ့အစည်းတွေ ရှာဖွေတဲ့ စစ်ဆင်ရေးမှာ မြေပြင်ထောက်လှမ်းရေးသတင်းရရှိဖို့ ခက်ခဲနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။

မောင်တောမြို့နယ်ထဲမှာ တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နေပြီး နယ်မြေရှင်းလင်းတာ၊ အကြမ်းဖက်သမားတွေနဲ့ ပျောက်ဆုံးလက်နက်တွေ ရှာဖွေနေပေမယ့် ထူးခြားတဲ့သတင်းတွေရဖို့ ဒေသခံတွေ ပူးပေါင်းဆောင်ရွက်တာ မရှိရင် မှန်ကန်တဲ့သတင်းအချက်အလက် မရရှိဘဲ ခက်ခဲမှုရှိနိုင်တယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။

“ပွင့်ပွင့်လင်းလင်းပြောရရင် အကြမ်းဖက်သူတွေဟာ နယ်မြေတွေ၊ စခန်းတွေမှာ စနစ်တကျ စုဖွဲ့ပြီးတော့ ဆောင်ရွက်နေတာမျိုး မဟုတ်ဘဲနဲ့ ရပ်တွေ ရွာတွေထဲမှာ၊ လူထုကြားမှာပဲ ရှိနေတာဖြစ်တဲ့အတွက် ကျနော်တို့ဟာ တိကျခိုင်မာတဲ့သတင်း ရရှိဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဆောင်ရွက်တဲ့လုပ်ငန်းစဉ်မှာ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပြင် တက်ရောက်လာတဲ့ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာလေး ကျနော့်အနေနဲ့ တင်ပြလိုပါတယ်။”

ဒေသခံတွေရဲ့ ပူးပေါင်းမှုမရှိခဲ့ရင် လုံခြုံရေး တာဝန်ရှိသူတွေ၊ အစိုးရဝန်ထမ်းတွေအနေနဲ့ ပြင်ပကသတင်းကို မရနိုင် ဖြစ်ရသလို ပြင်ပကို လုံခြုံရေးသတင်းတွေ ပေါက်ကြားမှု မဖြစ်အောင်လည်း အထူးဂရုစိုက်ရမယ်လို့ ပြည်နယ်အစိုးရအဖွဲ့နဲ့အတူ မောင်တောမြောက်ပိုင်းခရီးစဉ်မှာ လိုက်ပါလာတဲ့ ရခိုင်လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီမှ ဦးစိုးနိုင်က ထောက်ပြခဲ့ပါတယ်။

“အခုလောလောလတ်လတ် အခြေအနေမှာ လုံခြုံရေးသတင်းတွေကို ပြည်သူတွေဟာ လုံခြုံရေးပိုင်းဆိုင်ရာ အဆင့်ဆင့် သတင်းပို့ခဲ့ရင် ဒီသတင်းဟာ ဘင်္ဂါလီတွေဆီလည်း ပျံ့နှံ့သွားနိုင်တယ်ဆိုပြီး ယုံကြည်မှုဟာ ပျောက်ဆုံးလျော့ပါးသွားတယ်။ ဒါ့ကြောင့် ကျနော်တို့အတွက် မကောင်းဘူး။ ဒီသံသယတွေကို ဖျောက်ဖို့အတွက် ကျနော်တို့ လုပ်ဆောင်သင့်တယ်။”

ဌာနဆိုင်ရာ ရုံးတွေ၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့် သတင်းပေါက်ကြားတာ၊ မသမာမှုတွေ ဖြစ်နေတာလို့ ဒေသခံတွေကတော့ ဝေဖန်နေကြပါတယ်။

တွေ့ဆုံပွဲတက်ရောက်သူ မောင်တောမြို့ခံ မောင်ဝင်းသိန်းက “သတင်းပေါက်ကြားမယ်ဆိုတာ သူတို့က အဲဒီရုံးမှာ တိုလီမိုလီခိုင်းတယ်။ ဟိုခိုင်း ဒီခိုင်း နေတယ်၊ ထမင်းချက် နေတယ်။ ဌာနဆိုင်ရာတွေမှာဆိုရင် တချို့က ရုံးအကူအနေနဲ့ နေတယ်။ တချို့က သန့်ရှင်းရေးသမားအနေနဲ့ နေတယ်။ အဲဒီလိုဆိုတော့ အဲဒီဌာနတွေက လူကြီးတွေက အစည်းအဝေး တက်တာလည်း သိတယ်။ အကုန်လုံးကို သူတို့က သိနေတော့။ အဲဒီတော့ ကျနော်တို့ သမိုင်းတလျှောက် ကြည့်မယ်ဆိုရင် ဘင်္ဂါလီတွေဆီက သတင်းရတဲ့ နိုင်ငံအစိုးရဆိုတာ မရှိပါဘူး။ အစိုးရဆီကပဲ ဘင်္ဂါလီဆီကို သတင်းရောက်သွားတာပဲ ရှိပါတယ်။”

မောင်တော၊ ကျီးကန်းပြင် နယ်ခြားစောင့်ရဲဌာနချုပ် အပါအဝင် ရဲစခန်း ၃ ခု တိုက်ခိုက်ခံရပြီး လက်နက်တွေပါ လုယက်ခံခဲ့ရတာ ရက် ၂၀ ကျော်လာခဲ့ပေမယ့် နယ်မြေရှင်းလင်းရေးနဲ့ ပျောက်ဆုံးလက်နက်တွေ ပြန်ရရှိဖို့ ကြိုးစားနေရဆဲပါ။

လက်ရှိမှာတော့ သေနတ်မျိုးစုံ ၁၈ လက်နဲ့ ကျည်မျိုးစုံ ၃၀၀၀ ကျော်ကို ပြန်လည်ရရှိထားပြီး အကြမ်းဖက်သူ ၇၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပြောပါတယ်။

No comments: