Sunday, November 20, 2016

ရခိုင်ပြည်နယ်တွင် ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းမည့် သတင်းမှာ မမှန်ကန်ဟုဆို

နိရဉ္စရာ၊


ရခိုင်ပြည်နယ်တွင် ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းရန် အစီအစဉ် မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

 မွန်းလွဲ ၂ နာ၇ီ အချိန်တွင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၁၆) ကို နိုင်ငံတော် သမ္မတ အိမ်တော်တွင် ပြုလုပ်စဉ် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး လုပ်ငန်း ကော်မတီဥက္ကဌ ကိုယ်စား ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသွားခြင်း ဖြစ်သည်။

“ရခိုင်ပြည်နယ်အတွင်း “ဒေသန္တရရဲတပ်ဖွဲ့” ဖွဲ့စည်းခြင်း နှင့် စပ်လျဉ်း၍ ယင်းသတင်း ထွက်ပေါ်နေမှုမှာ မှားယွင်းပါကြောင်း၊ ရခိုင် ပြည်နယ်သာမက အခြား တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဒေသန္တရ ရဲတပ်ဖွဲ့ဟူ၍ ဖွဲ့စည်းရန် မရှိပါ ကြောင်း၊ မြန်မာနိုင်ငံတ၀ှမ်း ရဲတပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းရန် ရည်ရွယ်၍ တိုင်းဒေသကြီး/ပြည်နယ် ခုနှစ် ခုတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ရဲတပ်သားအသစ် များစုဆောင်းနိုင်ရေး ဆောင်ရွက်ရန်သာ ရှိပါကြောင်း ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်း ပြောကြားသည်။

ယနေ့ ပြုလုပ်သော အစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင် အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ဗဟိုကော်မတီဒုတိယဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဗဟိုကော်မတီဒုတိယဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက ရခိုင် ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာတွင် နိုင်ငံတကာအဖွဲ့အစည်းများက မောင်တောဒေသသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်ဟု သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP မှ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၄ရက်မှ နိုဝင်ဘာ ၁၅ ရက် အထိ ဆန် ၂၀၂ဒသမ၃၀၈တန်၊ ပဲ ၂၅ဒသမ၀၁၃တန်၊ ဆီ ၄ဒသမ၂၁၇တန်၊ ဆား ၂ဒသမ၃၇၄တန်၊ ဘီစကစ် ၃၅၁ဒသမ ၂၈၆တန်နှင့် အာဟာရမုန့် တန် ၂၀၀ ထောက်ပံ့ ပေးခဲ့ကြောင်း၊ ယင်းထောက်ပံ့မှုများကို WFP ဒေသခံ ၀န်ထမ်းများက ဖြန့်ဖြူးပို့ဆောင် ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အလားတူ WFP အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော ကြက်ရိုး ပြင်၊ ငါးစားကြူးနှင့် ပြောင်ပိုက်ကျေးရွာများသို့ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် လည်းကောင်း၊ ၀ါးပိတ်ကျေးရွာသို့ နိုဝင်ဘာ ၉ရက်နှင့် ၁၀ ရက်များတွင်လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးပို့ဖြန့်ဖြူးခဲ့ရာ ဆန် ၁၀၁၁အိတ်နှင့် ၄၈ပြည်၊ ပဲ ၈၉အိတ်၊ ဆီ ၃၆၈၈ လီတာ၊ ဆား ၃၉၄ ပိသာနှင့် အခြား အာဟာရဖြည့် စွက် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီခဲ့ပြီး ဖြစ်ကြောင်း၊ အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့မှ လည်း စားနပ်ရိက္ခာများ ပံ့ပိုး ကူညီလျက်ရှိကြောင်း ဦးညီပုက ရှင်းလင်းတင်ပြခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

No comments: