Monday, November 21, 2016

မူဆယ်တွင် တိုက်ပွဲအချို့ ဆက်လက်လက်ဖြစ်ပွား သေဆုံးနှင့် ဒဏ်ရာရသူ စုစုပေါင်း ၃၆ ဦးရှိနေ

စိုးသူအောင်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီးတ၀ိုက်တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ သေဆုံးနှင့် ဒဏ်ရာရသူ စုစုပေါင်း ၃၆ ဦးအထိရှိနေသည်ဟု သိရသည်။

" မနေ့က မနက် ၇ နာရီကနေ ဒီနေ့ နေ့လည် ၁ နာရီကျော်ထိပေါ့နော် မူဆယ်ဆေးရုံကိုရောက်တာ လူအရှင်က ၂၉ အသေက ၇ယောက် အားလုံးဆိုရင် ၃၆ ပေါ့ " ဟု မူဆယ်မြို့ ကုတင် ၁၀၀ဆံ့ ဆေးရုံမှ ဆေးလူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းက မဇ္စျိမသို့ ပြောသည်။

နိုဝင်ဘာ ၂၁ ရက် နေ့လည် ၂ နာရီကျော်ခန့် မူဆယ်မြို့နှင့် ၂၁ မိုင်ခန့်အကွာ ကျေးရွာတစ်ရွာတွင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေသည်ဟု မူဆယ်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ရေးပါတီ (SNDP) ပါတီမှ ဦးစိုင်း ဖိုးအောင်က အတည်ပြု ပြောသည်။

လက်ရှိအချိန်ထိမှ ရဲတပ်ဖွဲ့မှ ဒဏ်ရာရ ၉ ဦး၊ သေဆုံး ၃ ဦး ၊ နမ့်ခန်း ပြည်သူ့စစ်မှ ၁ ဦးနှင့် ပြည်သူ ၃ ဦး သေဆုံး ခဲ့ ကြောင်း မူဆယ်ပြည်သူ့ဆေးရုံမ ဒေါ်မြမြစန်းက ပြောသည်။

တရုတ် - မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တပ်မတော်မှ ၁ ဦးအပါအ၀င် စုစု ပေါင်း ၉ ဦးသေဆုံးကြောင်း အစိုးရမှ နိုဝင်ဘာ ၂၀ ရက်ညနေပိုင်းက သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA (တအာင်းအဖွဲ့)၊ KIA (ကချင်အဖွဲ့) နှင့် MNDAA (ကိုးကန့်အဖွဲ့) တို့ နိုဝင်ဘာ ၂၀ရက် နေ့လယ် ၃နာရီကျော်အထိ တစ်ရက်အတွင်း တိုက်ပွဲ ၁၁ကြိမ်ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်း ထုတ်ပြန်ချက အရသိရသည်။

တိုက်ပွဲများကြောင့် လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားခဲ့ပြီး နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၃ နာရီခန့်တွင် ဗုံးခွဲခံရသော သန္ဒီ တံတားအား ၁၂ ဘီးကားအထိ သွားလာဖြတ်သန်းခွင့်ပေးထား သော်လည်း ၂၂ ဘီးကုန်တင်ဆောင်လာသော တွဲကားများအား အခြေအနေအရ ဖြတ်သန်းခွင့်ယာယီ ပိတ်ထားကြောင်း သိရသည်။

No comments: