Sunday, November 20, 2016

ရဲတပ်ဖွဲ့ဝင်တို့ အရပ်ဝတ်ဖြင့် လက်နက်ကိုင် လေ့ကျင့်ခြင်းကြောင့် ဝေဖန်မှုများထွက်ပေါ်

အောင်ကိုဦး

မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်း အများပြည်သူ ကျန်းမာရေးအတွက် လမ်းလျှောက်ခွင့် ပြုထားသည့်နေရာတွင် နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်း၌ ရဲတပ်ဖွဲ့ဝင်တစ်ချို့ သတ်မှတ် ဝတ်စုံဖြင့်မဟုတ်ဘဲ လက်နက်များဖြင့် လေကျင့်ရေး ပြုလုပ်ခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ထိုသို့ရဲတပ်ဖွဲ့ဝင်အချို့ လေ့ကျင့်နေခြင်းနှင့်ပတ်သက်၍လည်း လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ပြန့်နှံ့လျက်ရှိသည်။ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် "ရုတ်တရက်ဆိုတော့ လန့်သွားတာပေါ့။ အများပြည်သူ လမ်းလျှောက်တဲ့ မန္တလာ သီရိဘောလုံးကွင်းထဲ သေနတ်တွေကိုင်ပြီး လေ့ကျင်တာ မလုပ်သင့်ပါဘူး"စသည့်ဖြင့်ရေးသားထားသည်။

မျက်မြင်တွေ့ခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်က " အထိတ်တလန့် ဖြစ်စေပါတယ်။ လက်နက်ကိုင်ပြေးပြီး အဝတ်အစားတွေက တူညီမဟုတ်တော့ လန့်တာပေါ့။ စည်းကမ်းမရှိရင် တပ်ဖွဲ့သိက္ခာကျပါတယ်။ ပြည်သူတွေကြား PT (Tersonal Training) ပြေးရင် ယူနီဖောင်း အစား အဖွဲ့အစည်း တံဆိပ်ပါတဲ့ စွတ်ကျယ်/လယ်ကတုံး ခေါင်းစွပ်၊ အနွေးထည်၊ ဘောင်းဘီ၊ တောစီးဖိနပ်စီး၊ စနစ်တကျပြေးသင့်တာပေါ့"ဟု မဇ္ဈိမကိုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမမှ မန္တလေးခရိုင်ရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ဖုန်း ၀၉၄၉၂၄၂၀၉၅ ကို ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

No comments: