Thursday, November 3, 2016

မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းကြီးကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်နိုင်ရန် ဒေါ်လာ ၁၅ သိန်းအကုန်ကျခံ ပြုပြင်မွမ်းမံသွားမည်

အောင်ကိုဦး

မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းကြီးကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်နိုင်ရန်အတွက် ပြုပြင်မှုများ ပြုလုပ်လျှက်ရှိသည်ဟု ရွှေနန်းတော်ကျောင်း ပြန်လည်ပြုပြင် မွမ်းမံထိန်းသိမ်းရေးလုပ်ငန်မှ Program Director ဖြစ်သူ Jeffrey Allen က မဇ္ဈိမကို ပြောသည်။

"ယူနက်စကိုက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ပြုပြင်နေပါတယ် " ဟု Jeffrey Allen က ပြောသည်။

ယူနက်စကို အသိမှတ်ပြုစာရင်း ဝင်ရန်အတွက် ပြုပြင်မွမ်းမံမှုများပြုလုပ်ရာတွင် အမေရိကန် ဒေါ်လာ ၁၅ သိန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

"ဒီကျောင်းကြီးကို အပြီးအစီးပြုပြင်ဖို့ ဒေါ်လာ ၁၅ သိန်းကုန်ကျပါမယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ ကျောင်းတော်ကြီးကို ၂၀၁၄ခုနှစ်မှ စတင်၍ ပြုပြင်မွမ်းမံမှုများကို တစ်ဆင့်ချင်း ပြုလုပ်နေခြင်းဖြစ်ပြီး သမိုင်း မှတ်တမ်းပြုစုထားခြင်း အားနည်းခြင်းကြောင့် အချိန်များ ကြန့်ကြာနေရကြောင်း သိရသည်။

"အဓိကကျတဲ့ ရေဆင်းတွေ လုပ်နေတယ်။ လှေကားတွေ လုပ်နေတယ်။ ဝရံတာတွေ အမိုးပိုင်းတွေ တဆင့်ချင်း လုပ်နေတယ်။ မှတ်တမ်းပြုစုမှု အားနည်းတော့ အချိန်တွေကြာတယ်။ အခုတော့ မှတ်တမ်းတွေပါ သေချာလုပ်ထားတယ်။ ဒီမှတ်တမ်းတွေက မြန်မာနိုင်ငံမှာရှိတဲ့ ရှေးဟောင်းသစ်သားကျောင်းတွေကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို အထောက်အကူပြုပါလိမ့်မယ်"ဟု Jeffrey Allen ကပြောသည်။

ရွှေနန်းတော်ကျောင်းကြီး တစ်ဆောင်လုံးတွင် ကျွန်းတိုင်းလုံးပေါင်း ၁၅၀၊ နယားရုပ် ထောက်တိုင်ပေါင်း ၄၂ တိုင်နှင့် သရက်ကင်း အုတ်လှေကား ၅ စင်းရှိသည်။

ရွှေနန်းတော်ကျောင်းဆောင်ကြီးတစ်ခုလုံးတွင် မြန်မာမှု သစ်သားပန်းပုအခြေခံ ခြူးပန်း၊ ခြူးနွယ်၊ အပြောက်အမွမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးဌက်တိရစ္ဆာန်ရုပ်များ ၊နံရံကပ်ရုပ်ကြွများ စသည်တို့ ရှိခြင်းကြောင့် နေ့စဉ် နိုင်ငံခြားသားခရီးသွားများ ဝင်ထွက်လေ့လာလျှက် ရှိသည်။

No comments: