Friday, November 18, 2016

မီဒီယာများ မသိသေးသည့် လွှတ်တော်အမတ်များ၏ ဇာတ်လမ်း အဖုံဖုံအတွက် တိုင်စာများ လွှတ်တော်ရောက်

စည်သူမောင်မောင်

မီဒီယာများ မသိရှိသေးသည့် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဇာတ်လမ်းများအတွက် တိုင်စာများ လွှတ်တော်ရုံး အသီးသီးသို့ ရောက်ရှိနေသည်ဟုဆိုကာ သိရှိကြဖို့ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က သတိပေးလိုက်သည်။

“ပြည်ထောင်စုအဆင့်ကော တိုင်းဒေသကြီးအဆင့်ပါ လွှတ်တော်ကိုယ်စားအချို့ရဲ့ ဇာတ်လမ်း မှတ်တမ်းအဖုံဖုံဟာ ပြည်သူများ စိတ်ဝင်းစားစရာ အဖြစ်ပေါ်ပေါက်ခဲ့တာကို သိရှိကြပြီးဖြစ်ပါတယ်။ မီဒီယာများမှတဆင့် အများ မသိရှိသော်လည်း လွှတ်တော်ရုံးအသီးသီးကို တိုင်စာအဖြစ်ပေးပို့ခံထားရတဲ့ ကိစ္စများရှိနေတာကို အသိပေးလိုပါတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၏ နိုဝင်ဘာ ၁၇ ရက်တွင် စတင်ကျင်းပသော တတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် ပြောသွားခြင်းဖြစ်သည်။ အလားတူ ကိုယ်စားလှယ်များသည် မဲဆန္ဒရှင်များအတွက် အားကိုးယုံကြည်ရာပုဂ္ဂိုလ်များအဖြစ် ကြိုးပမ်းကြရန်လည်း ဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။

“သေချာတာတခုက ပြည်သူ့ ကိုယ်စားလှယ်များဟာ မိမိနယ်မြေအလိုက် မဲဆန္ဒရှင်ပြည်သူများရဲ့ အားကိုးရာ ယုံကြည်ရာ မျှော်လင့်ရာ ကိုယ်စားပြု ပုဂ္ဂိုလ်အဖြစ် တည်ရှိနေတယ်ဆိုတာ သတိမပြတ် ရှိကြဖို့တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

"ဥပဒေပြုရေး၊ တရားစီရင်ရေး အုပ်ချုပ်ရေးမဏ္ဍိုင်များအချင်းချင်း ထိုးတိုက်ပြုခြင်း ယင်းမှတဆင့် မဏ္ဍိုင်တရပ်ရပ် ယိုင်နဲ့ခြင်းများ ဖြစ်ပေါ့ခဲ့လျှင် ဒီမိုကရေစီ အဆောက်အဦး ယိုင်နဲ့ခြင်းလို့ သတ်မှတ်ရမှာ ဖြစ်တဲ့အတွက် အားလုံး နစ်နာကြရမှာဖြစ်ပါတယ်၊ ဒီမိုကရေစီဖော်ဆောင်သူများ မဏ္ဍိုင်များအနေနဲ့ ဟန်ချက်မပျက်ယွင်းအောင် ထိန်းညှိ သွားကြဖို့လိုအပ်ကြောင်း”လည်း ပြောဆိုခဲ့သည်။

“နောက်ဆုံးအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သြဝါဒစကားများထဲက စာပိုဒ်တပိုဒ်ဖြစ်တဲ့ ကောင်းမွေ ဆိုမွေမှန်သမျှကို ခံစားရမယ် နောက်မျိုးဆက်သစ်တို့အပေါ်မှာ မေတ္တာသက်သေထူပြီး ထမ်းဆောင်ရတဲ့ တာဝန်ဆိုတာ ကြီးလေးတယ်လို ဘယ်တော့မှမရှိနိုင်ပါဘူး သမိုင်းမှတ်ကျောက်ပြောင်းအောင် လုပ်ငန်းကြီးတစ်ခု အောင်မြင်အောင်လုပ်နိုင်ဖို့ ထူးခြားတဲ့ အခွင့်အရေးကြီးဖြစ်ပါတယ်၊ ဒီအခွင့်အရေးကို ပညာတတ်ပြီး လုံလ ဝီရိယနဲ့ မိမိရရ ဆုပ်ကိုင်ပြီး အနာဂတ်တရပ် ဖော်ထုတ်ကြ” ရန်လည်း ဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။

No comments: