Thursday, November 3, 2016

ဖားကန့်ရှိ ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မီးရှို့ဖျက်ဆီး

ဇေယျာမော်

နိုဝင်ဘာလ ၂ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့်မြို့နယ် ယူမာကျေးရွာရှိ ရတနာရောင်ခြည် ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီ မီးလောင်မှုသည် သာမန်မတော်တဆ မီးလောင်မှု မဟုတ်ဘဲ လက်နက်ကိုင် အဖွဲ့တစ် ဖွဲ့ ၀င်ရောက် မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ သိရသည်။

နိုဝင်ဘာ ၂ ရက်နေ့ ည ၆ နာရီခန့်တွင် လက်နက်ကိုင် အယောက် ၂၀ ခန့် ကုမ္ပဏီရုံးထဲသို့ ၀င်ရောက်ကာ ၀န်ထမ်းများကို လက်နက်များဖြင့် ချိန်ရွယ်ကာ ကုမ္ပဏီဝန်းအတွင်းရှိ ဘတ်ဟိုးယာဉ်တာယာများ ၊ အဆောင်များ၊ ကားများကို လက် လုပ်မိုင်းဖြင့် ဖေါက်ခွဲ ဖျက်ဆီးခြင်းကြောင့် မီးလောင်မှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ နယ်ထိန်း ရဲ တပ်ကြပ် အောင်ကိုလတ်၏ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ကုမ္ပဏီယာဉ်မောင်းဖြစ်သူ ဦးစိုင်းစံသိန်းသည် ၀ဲဘက်တံတောင်ဆစ်ပြတ်ရှ ၊ နားထင်တွင် သေ နတ်ဖြင့် ထုနှက်ခံရသည့် ဖူးယောင်ဒဏ်ရာ ရရှိခဲ့ပြီး ၄င်းပိုင် ငွေကျပ် ၁၀ သိန်းနှင့် ဖုန်းနှစ်လုံးကို လက်နက်ကိုင်အဖွဲ့က ယူဆောင်သွားကြောင်းသိရသည်။

နယ်မြေခံတပ်ရင်းက ၄င်းကုမ္ပဏီသို့ ည ၈ နာရီတွင် ရောက်ရှိခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၉ လုံးကို တွေ့ ရှိခဲ့ကာ မီးသတ်ယာဉ် ၂၅ စီး ရေသယ်ယာဉ် ၃၅ စီးဖြင့် မီးငြိမ်းသတ်ခဲ့ရပြီး ည ၁၀ ခွဲခန့်တွင် မီးညွန့်ကျိုးသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူသေဆုံးမှုမရှိသော်လည်း အလျား၁၂၀ပေ အနံ ၈၀ ပေရှိ ယာဉ်ဂိုဒေါင်နှင့် ၎င်းအတွင်းရှိ ViVO အမျိုးအစားနှစ်ခန်းခွဲ အဖြုရောင် ယာဉ်သုံးစီး ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် အလျားပေ ၂၀အနံပေ ၂၀ရှိ ကုမ္ပဏီဝန်ထမ်း များ အိပ်ဆောင် နှစ်ဆောင်ကို မီးရှို့ ဖျက်စီးခံခဲ့ရပြီး မီးဖိုဆောင်အတွင်းမှ ပစ္စည်းများကို ရိုက်ခွဲဖျက်စီးခဲ့ကြောင်း ရဲစစ်ချက် များ အရသိရသည်။

No comments: