Friday, November 18, 2016

ဖြတ်သန်းသွားလာ၍ မရအောင် ပိတ်ထားသော တံတားကိုပြန်ဖွင့်ပေးရန် တောင်ကုတ်မြို့နယ်တွင် ကျောင်းသား ၁၀၀ ကျော်ခန့်က ဆန္ဒပြတောင်းဆို

နိရဉ္စရာ၊


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် လက်ပံကျွန်းကျေးရွာအုပ်စုမှ ကျောင်းသား ကျောင်းသူ ၁၅၀ နီးပါးခန့်သည် လူသွား လူလာပြုလုပ်၍ မရအောင် ပိတ်ဆို့ထားသောတံတားကို ပြန်လည် ဖွင့်လှစ်ပေးရန် နိုဝင်ဘာလ ၁၆ ရက် နေ့လယ်က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

လက်ပံကျွန်း ကျေးရွာအုပ်စုမှ ဆယ်တန်းကျောင်းသူ မစိုးမြင့်သူက “ အခု ကျွန်မတို့ ရွာမကျောင်းကို ကျောင်းသွားတက်နေရာမှာ လက်ပံကျွန်း- ကူးတို့ဆိပ် ကျေးရွာကြားက တံတားကို ကူးတို့ဆိပ် ကျေးရွာသားတွေက ပိတ်ထားတဲ့ အတွက် ကျောင်းသွားရတာ အခက်အခဲ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီတံတားကို ပြန်လည် ဖွင့်လှစ်ပေးဖို့ တောင်ဆိုပါတယ်” ဟု သူမက ပြောသည်။

၎င်းတံတားမှာ ကိုယ်ထူ ကိုယ်ထ ဆောက်လုပ်ထားသော တံတားဖြစ်ပြီး လူသွား လူများသော တံတား တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကူတို့ဆိပ် ကျေးရွာအုပ်စုသို့ ဆက်သွယ်မေးမြန်းရာ ရွာလူကြီး တစ်ဦးဖြစ်သူ ဦးစံရွှေမောင်က “ ဒီတံတားက ကျွန်တော်တို့ ကူးတို့ဆိပ်ကျေးရွာနဲ့ လက်ပံကျွန်းကျေးရွာအုပ်စု နှစ်ခုပိုင်တဲ့ တံတားပါ။ ဒီတံတားကို တည်ဆောက်တဲ့ အချိန်မှာ ကျွန်တော်တို့ ရွာသားတွေကို တစ်စုံတစ်ရာ မတိုင်ပင်ဘဲ လက်ပံကျွန်းရွာသားတွေ သူတို့ သဘောထား ဆန္ဒတစ်ခုနဲ့ တည်ဆောက်သွားတဲ့ အတွက် ကျွန်တော်တို့က မကျေနပ်လို့ ကျွန်တော်တို့ရွာဘက်က တံတားကို လူသွားလူလာ လုပ်လို့ မရအောင် ပိတ်ဆို့ထားတာပါ” ဟု သူက ပြောကြားသည်။

နိရဉ္စရာမှ စုံစမ်းသိရှိရသလောက် ၎င်းတံတားကို တစ်နှစ်လျှင် တစ်ကြိမ်ကျဖြင့် လက်ပံကျွန်းနှင့် ကူးတို့ဆိပ် ကျေးရွာတို့မှ တနှစ်တလှည့်စီ စီးပွားရေး သမားတစ်ဦးဦးကို လေလံ ပေးလေ့ရှိပြီး လေလံမှရရှိသော အကျိုးအမြတ်ကို တံတားထိုးခွင့်ရသော ကျေးရွာက အကျိုးခံစားခွင့်ရှိသည်ဟု သိရသည်။

လေလံရရှိသွားသူ လုပ်ငန်းရှင်မှ တံတားကိုဖြတ်သန်းသွားလာခ လူတစ်ဦးကို အသွားအပြန် ၂၀၀ ကျပ်၊ ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ်စီ ကောက်ခံသည်ဟု သိရသည်။

ယခုနှစ်တွင် ကူးတို့ဆိပ် ကျေးရွာ အလှည့် ဖြစ်သော်လည်း ကူးတို့ဆိပ် ရွာသားများကို တစ်စုံတစ်ရာ တိုင်ပင်ခြင်းမရှိဘဲ လက်ပံကျွန်းကျေးရွာမှ တည်ဆောက်သွားသဖြင့် ယခုလို ပြဿနာ ပေါ်ပေါက်နေရခြင်း ဖြစ်ကြောင်းသိရသည်။

ယခုအခါ ပြဿနာ ပြေလည်ရေးအတွက် နှစ်ဘက်ကျေးရွာ ခေါင်းဆောင်များနှင့် တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ ဖြေရှင်းလျက် ရှိကြောင်း သိရသည်။

ကူးတို့ အနံက ၄ ပေခန့်ရှိပြီး အလျားက ပေ ၁၀၀ ကျော်ရှိပြီး ၂၀၁၆ နှစ်အတွက် ၎င်းတံတားကို လေလံပေးရာ ၉၅ သိန်း ရရှိခဲ့သည်ဟု ဦးစံရွှေမောင်က ပြောသည်။

No comments: