စိုးသူအောင်
တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်တွင် တပ်မတော်နှင့်လက်နက်ကိုင်တို့ တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် တိုက်ပွဲဖြစည့်ရွာများမှ မူဆယ်မြို့ပေါ်သို့ စစ်ရှောင်လာသူ နာရီပိုင်းအတွင်း ၁၀၀၀ ကျော်ခန့်ရှိလာပြီဖြစ်ကြောင်း ကာယကံပရဟိတဖောင်ဒေးရှင်း မူဆယ်မှ ခေါင်းဆောင်ဖြစ်သူ ဦးမောင်မျိုးက မဇ္ဈိမကို ပြောသည်။
“စစ်ဘေးရှောင်က တစ်ထောင်ကျော်ရှိတယ်။ စခန်းတွေက ဘုန်းကြီးကျောင်းလိုမျိုး ကျယ်ဝန်းတဲ့နေရာတွေမှာ ချထားတယ်။ ၁၀၅ မိုင် ပရဝန်မှာရှိတဲ့ရွာတွေက လာကြတာ" ဟု ဦးမောင်မျိုးကပြောဆိုသည်။
တိမ်းရှောင်လာသူများအတွက် မူဆယ်မြို့ပေါ်ရှိ နမ့်ခွန်ဘုန်းကြီးကျောင်း၊ ရွှေသမင်ကျောင်း၊ မဟာဝန်မြောက်ကျောင်း နှင့် ကုန်သည်ကြီးများအသင်း အစရှိသည့် မြေနေရာကျယ်ဝန်းသည့်နေရာများတွင် ကူညီနေရာချထားကြောင်းသိရသည်။
လောလောဆယ်အနေဖြင့် မူဆယ်မြို့ရှိ ပရဟိတအသင်းများစုပေါင်းကာ ထမင်းထုတ်များ လှူဒါန်းထားပြီး အစိုးရဘက်က တာဝန်ရှိသူများ လာရောက်ကြည့်ရှု့သွားပေမယ့် ထူးထူးခြားခြား အကူညီပေးခြင်းမျိုးတော့ မရှိသေးဘူးဟု သိရသည်။
“ဒီနေ့က စစခြင်းဆိုတော့ ဘာမှမလုပ်ရသေးဘူး ထမင်းထုတ်လောက်ပဲ ဝေရသေးတယ် ရက်ရှည်လာမယ်ဆိုရင်တော့ သူတို့အတွက် ဆန်တို့ ဆီတို့ ဆေးတို့လိုလာနိုင်တယ်" ဟု ဦးမောင်မျိုးကပြောသည်။
နိုဝင်ဘာ ၂၀ ရက် နံနက် ၃ နာရီခန့်မှစတင်ကာ ယခုအချိန်ထိ တပ်မတော်နှင့် KIA (ကရင်တပ်ဖွဲ့)၊ MNDAA (ကိုးကန့်တပ်ဖွဲ့)၊ TNLA (တအောင်း/ ပလောင်တပ်ဖွဲ့) တို့ကြားတိုက်ပွဲ ၁၁ ထိဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရပ်သားပြည်သူအများအပြားဒဏ်ရာရှိခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment