Saturday, November 5, 2016

မိုးညှင်းတွင် စေတနာ့ဝန်ထမ်း ဆရာမတဦး ကျောက်တုံးဖြင့် ထုနှက်ခံရ

Mone Mone Min

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာမှာ နိုဝင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က စေတနာ့ဝန်ထမ်း ဆရာမတဦး ကျောက်တုံးနဲ့ ဦးခေါင်းကို ထုနှက်ခံခဲ့ရပါတယ်။

ဖြစ်ပွားပုံမှာ မော်ဟန်ကျေးရွာရှိ သီလရှင်ပညာရေးကျောင်းမှာ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ မတင်မိုးသူ ၂၈ နှစ်ဟာ ကျောင်းဝင်းအတွင်းရှိနေစဉ် တရွာတည်းနေ ဆန်းဝင်းအောင် ၃၀ နှစ်က ရောက်ရှိလာပြီး မတင်မိုးသူနဲ့ စကားများကြရာကနေ ကျောက်တုံးနဲ့ ထုနှက်ခဲ့တာလို့ မိုးညှင်းမြို့မရဲစခန်းက ပြောပါတယ်။

ဆရာမ မတင်မိုးသူမှာ ဦးခေါင်း ငယ်ထိပ်၊ နားထင်နဲ့ ပါးမှာ ဒဏ်ရာတွေ ရရှိခဲ့လို့ ရှိကာ မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသခံယူနေရတယ်လို့ ဆိုပါတယ်။

ကျောက်တုံးနဲ့ ထုနှက်ခဲ့တဲ့ ဆန်းဝင်းကို အရေးယူပေးဖို့ ဆရာမရဲ့ အစ်ကိုဖြစ်သူက မိုးညှင်းမြို့မရဲစခန်းမှာ လာရောက်တိုင်ကြားတဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ အရ အမှုစစ် ရဲအုပ်တင်ဝင်းက အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။

No comments: