Saturday, November 19, 2016

တောင်ကုတ်မြို့နယ်တွင် လယ်သမားများ လယ်ဧကအတိုင်း ချေးငွေအပြည့်မရ၍ အခက်အခဲရှိဟုဆို

ရွှေရအောင်(တောင်ကုတ်)


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် လယ်သမားများ အနေဖြင့် ပိုင်ဆိုင်သော လယ်ဧက အတိုင်း အစိုးရထံမှ ချေးငွေများကို အပြည့်အ၀ မရသဖြင့် လယ်လုပ်ရာတွင် အခက်အခဲများ ရှိနေကြသည်ဟု ပြည်ထောင်စု တောင်သူလယ်သမား သမဂ္ဂ အတွင်းရေးမှူးလည်းဖြစ်၊ ရခိုင်ပြည်နယ် တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသောင်းဋ္ဌေးက ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တောင်ကုတ်မြို့တွင် ရခိုင်တိုင်းရင်းသား တောင်သူ လယ်သမား သမဂ္ဂ(ဗဟို)ရုံး ဖွင့်ပွဲအပြီး နိရဉ္စရာသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က တောင်သူလယ်သမားတွေနဲ့သက်ဆိုင်တဲ့ အရေးကိစ္စတိုင်းကို ကိုင်တွယ် ဖြေရှင်းမှာပါ။ လက်ရှိမှာတော့ ချေးငွေကိစ္စကိုဖြေရှင်းနေပါတယ်။ ကျွန်တော်တို့ တောင်ကုတ်မှာ တောင်သူတွေအနေနဲ့ ရှိတဲ့ လယ်ဧကအတိုင်း ချေးငွေတွေမရတဲ့ အတွက် ခန့်မှန်းခြေ ချေးငွေသိန်း ငါးထောင်ခန့် လယ်သမားတွေကို ထုတ်ချေးမယ့်ငွေ ပျောက်ဆုံးနေပါတယ်။ လောလောဆယ် ဖြေရှင်းရမယ့် ပြဿနာပါ။ အကြာခင်မှာ ကျွန်တော်တို့ သက်ဆိုင်ရာတွေကို မြို့နယ်အဆင့် အရင်လေ့လာစုံစမ်း ဆောင်ရွက်မှာပါ” ဟု ဦးသောင်းဋ္ဌေးမှ ဆက်ပြောသည်။

ရခိုင်တိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂသည် တောင်သူ လယ်သမားများ၏ ဆုံးရှုံး နေသည့် အခွင့်အရေးများအား ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်၍ ဖွဲ့စည်း ထားခြင်း ဖြစ်သည်ဟု ဦးသောင်းဋ္ဌေးမှ ပြောသည်။

တောင်ကုတ်မြို့နယ် သက်ကယ်ကျွန်းကျေးရွာတွင် ဗဟိုမှချပေးသည့် ချေးငွေအတိုင်း လယ်သမား များကို မချေးပေးသဖြင့် သိန်း ငါးရာခန့် လယ်သမားများ မချေးရဘဲ ကြားထဲတွင် ပျောက်ဆုံး နေကြောင်း၊ ယခုကဲ့သို့ ချေးငွေအပြည့်အစုံ မထုတ် ပေးသည့် ပြဿနာများ ကျေးရွာတိုင်း နီးပါးတွင် ဖြစ်နေကြောင်း ဦးသောင်းဋ္ဌေးမှ ဆက်ပြောသည်။

သက်ကယ်ကျွန်းကျေးရွာမှ လယ်ဆည်လုပ်ကိုင်သူ ဦးခင်မောင်ဝင်းအား နိရဉ္စရာမှာ ဆက်သွယ် မေးမြန်းရာမှာလည်း တင်ထားသည့် လယ်ဧကအတိုင်းချေးငွေမရရှိကြောင်း၊ ယင်းသို့ မရရှိခြင်းမှာ ချေးငွေ ပြန်ဆပ်ရာတွင် နောက်ကျခဲ့ခြင်း ဖြစ်သည်ဟု စိုက်ဘဏ်မှ သက်ဆိုင်သူများက ရှင်းပြ ပြောဆိုသည်ဟု ဆိုသည်။

“ကျွန်တော်က ဆယ်ဧက ၁၀ ဧက အတွက် ချေးငွေ တင်ထားတယ်။ ရတာက ဧက ၇ ဧက အတွက်သာ ရတယ်။ လယ်ဧက ၁၀ ဧက အတွက် တစ်နှစ်ကုန် ကျတာက အနည်းဆုံး ၁၃ သိန်း လောက်ာကုန်ကျမှာပါ။ သဘာဝ ဘေးတွေကြောင့်လည်း မှန်းသလောက်က စပါးမထွက်ဘူး။ ချေးငွေ ထုတ်ချေးတာ နောက်ကျတဲ့ ပြဿနာလည်းရှိပါတယ်။ အတိုးတွေနဲ့ ယူလုပ်ပြီးတော့ ချေးငွေထုတ်မှ ပြန်ဆပ်ရတာတွေရှိပါတယ်” ဟု ဆက်ပြောသည်။

ရခိုင်တိုင်းရင်းသားတောင်သူလယ်သမား သမဂ္ဂ(ဗဟို)ရုံးအား တောင်ကုတ်မြို့ ဂူတာရပ်ကွက် ဦးဥတ္တမလမ်းတွင် ဖွင့်လှစ်ထားကာ မြို့နယ်အလိုက် ရုံးများမှာ အမ်းမြို့နယ်တွင် ဖွင်းလှစ်ထားပြီး ရခိုင်တစ်ပြည်လုံးတွင်လည်း အကြာခင် ရုံးများဖွင့်လှစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိချေးငွေပြဿနာအပြင် လယ်ယာမြေသိမ်းဆည်းမှူပြဿနာမှာလဲ မြို့နယ်တိုင်းတွင်ရှိရာ ထိုအထဲတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိသည့် အမ်းမြို့နယ်မှာ အများဆုံးဖြစ်ကြောင်း သိရသည်။

No comments: