Thursday, November 3, 2016

ကြိုတင်မဲပေးလိုသူများအတွက် မလေးရှားနှင့် စင်ကာပူ မြန်မာသံရုံးများ ကြေညာ

DVB


မလေးရှားနိုင်ငံရောက် မဲဆန္ဒရှင် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ မြန်မာသံရုံးကြေညာချက်ထဲမှာ မလေးရှားရောက် မြန်မာများ ကြိုတင်ဆန္ဒမဲတောင်းခံရန် ပုံစံ (၁၅) အား မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်ပြီး မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့သို့ ဒီဇင်ဘာ ၅ ရက် နောက်ဆုံးထားပြီး လူကိုယ်တိုင် လာရောက်ပေးပို့ရမယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ကြိုတင်ဆန္ဒမဲပေးမယ့် မြန်မာနိုင်ငံသားအနေနဲ့ အမြဲတမ်းနေရပ်လိပ်စာ အခြေခံ မဲစာရင်းတွင် မိမိ အမည် ပါဝင်ခြင်းရှိ/မရှိ စစ်ဆေးရန်လိုတယ်။

မိမိအမည်မပါရှိပါက သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်များသို့ ဆက်သွယ်ပြီး အမည်စာရင်းပါရှိရန် ကာယကံရှင်များ ကိုယ်တိုင်ဆောင်ရွက်ရန် လိုတယ်လို့လည်း ဖော်ပြထား ပါတယ်။

ပြည့်စုံစွာဖြည့်စွက်ပြီး ပုံစံ-၁၅ အား မြန်မာသံရုံးသို့ ပြန်လည်ပေးပို့ရာမှာ နိုင်ငံကူးလက်မှတ်မိတ္တူ ၊ မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ ၊ ဆက်သွယ်ရန်လိပ်စာ (မလေးရှား နိုင်ငံရှိ လိပ်စာအား အင်္ဂလိပ်ဘာသာဖြင့် ဖြည့်စွက်ပေးပါရန်)နှင့် တယ်လီဖုန်းအမှတ်တို့အား ပူးတွဲပြီး လူကိုယ်တိုင်လာရောက်ပေးပို့ပေးပါရန် အသိပေးအပ်ပါတယ်လို့လည်း မြန်မာသံရုံး ကြေညာချက်က ဆိုပါတယ်။

၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးလိုကြတဲ့ နိုင်ငံခြားရောက်မြန်မာများအနေနဲ့ ကြိုတင်ဆန္ဒမဲတောင်းခံရန် ပုံစံ(၁၅)အား ပြည်ထောင်စုရွေးကောက်ပွဲေ က်ာမရှင်ဝက်ဘ်ဆိုဒ်မှာ သော်လည်းကောင်း၊ သက်ဆိုင်ရာ မြန်မာသံရုံးများမှာသော်လည်းကောင်း နိုဝင်ဘာ ၁ ရက်ကစလို့ ရယူဖြည့်စွက် နိုင်ကြပြီ ဖြစ်ပါတယ်။

အလားတူကြေညာချက်တစောင်ကို စင်ကာပူရှိ မြန်မာသံရုံးကလည်း နိုဝင်ဘာ ၂ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

No comments: