Monday, November 21, 2016

မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် လုံခြုံရေးစခန်းတိုက်ခိုက်ခံရ ကုန်သွယ်ရေးလမ်းပိတ်ထား

ဟွမ်ဟိန်း


နိုဝင်ဘာလ ၂၀ ရက်မနက်ပိုင်းမှာ တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ကနေ မူစယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်က အစိုးရလုံခြုံရေးစခန်းကိုဝင်ရောက်စီးနင်းတိုက်ခိုက်လို့ ကုန်သွယ်ရေးလမ်း ပိတ်ထားရပါ တယ် ။

မနက် အာရုဏ်မတက်မှီကတည်းကနေ ၉ နာရီအထိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ စုပေါင်း ဖွဲ့စည်းထားတဲ့ မဟာမိတ်တပ်ဖွဲ့ဟာ မန္တလေး၊ လားရှိုး၊ မူစယ်လမ်းမှာရှိတဲ့ မူစယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်က အစိုးရလုံခြုံရေးစခန်းအပြင် ပန်ဆိုင်းအခြေစိုက် အစိုးရ ရဲတပ်ဖွဲ့ဝင် တပ်စခန်းများ ကိုဝင်ရောက်တိုက်ခိုက်လို့ ဒေသခံလူထု ထောင်နဲ့ချီ မူစယ်ဘက်သို့လည်းကောင်း တရုတ်ဘက်ခြမ်း သို့လည်းကောင်းထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ် ။

၁၀၅ မိုင်အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူ ဒေသခံတဦးကတော့ “ မိုးမလင်းခင်ကတည်းက ပစ်ခတ်မှု သံကြားရတယ်။ ရဲစခန်းကိုဝင်စီးတယ်။ ရဲဘက်က ၄ ယောက်သေတယ်။ တပ်ကိုလည်းဝင်တိုက်တယ်။ တပ်ဘက်ကလည်းသေတယ်။ ဘယ်နှစ်ယောက်လဲ တော့သေချာမသိရသေးဘူး” လို့ပြောပါတယ် ။

ဒါ့အပြင် နမ့်ပေါ့တံတား လုံခြုံရေးတပ်စခန်းလည်း စီးနင်းတိုက်ခိုက်ခံရပြီး စခန်း နှင့် ဆိုင်ခန်းများ ကိုပါမီးရှိုး ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။ တံတားကိုပါ ဗုံးခွဲလိုက်ပေမယ့် ကြီးမားတဲ့ပျက်စီးဆုံး မှုတော့မရှိဘူးလို့ ဒေသခံစိုင်းခမ်းဆိုင်က ပြောဆိုပါတယ် ။

“မနက်ပိုင်းမှာတုန်းကတော့ လမ်းတွေခနပိတ်ထားတယ်။ နေ့လည်ပိုင်းတော့ပြန်ဖွင့်ပေးပြီးပြီ။ ဒါပေမယ့် လူသူအသွားအလာတော့မရှိဘူး။ ဆိတ်ညိမ်နေတာဘဲ။ မူဆယ်ညဈေးတောင် သရဲခြောက် တော့မလားထင်ရတယ်။ ၁၀၅ မိုင်ကလူတွေမူစယ်ဘက်ရောက်လာကြတယ်။ ပန်ဆိုင်းကလူတွေတော့ တရုတ်ဘက်ခြမ်းကိုစစ်ရှောင်ကြတယ်။”

မနက်ပိုင်း ၁၀ နာရီကလည်း စစ်ရဟတ်ယာဉ် ၃ စီး၊ သံချပ်ကာကားနဲ့ တင့်ကားတွေ ၁၀၅ မိုင်ဘက်ကို ဦးတည်နေတယ်လို့ ခရီးသွား စိုင်းမြဟန်ကပြောပါတယ်။

မူစယ်ခရိုင်အတွင်း ဝင်ရောက်တိုက်ခိုက်သည့် မြောက်ပိုင်းမဟာမိတ်ညီနောင်တွင် ကချင် KIA ၊ ပလောင် TNLA ၊ ကိုးကန့် MNDAA နှင့် ရခိုင် AA စသည့်တပ်ဖွဲ့များပါဝင်ပါတယ် ။

နေပြည်တော်အစိုးရရဲ့ ပြန်ကြားရေးဌာနကတော့ – ကချင်၊ တအာင်းနဲ့ ကိုးကန့်တပ်မတော် တို့စုပေါင်းထားတဲ့တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ဟာ ကွတ်ခိုင်မြို့နယ်၊ သိန္နီမြို့နယ်၊ မူစယ်မြို့နယ်က ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ၊ ပန်ဆိုင်း ၊ မုံးကိုး တို့မှာ ရှိတဲ့ ရဲစခန်းတွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေတာလို့ ထုတ်ပြန်ပါတယ် ။

သီးခြားအတည်ပြုချက်မရသေးတဲ့သတင်းအရ တိုင်းရင်းသားမဟာမိတ်တပ်မတော်ဟာ ကျူခုတ် ၊ ပန်ဆိုင်း နဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ မုံးကိုးတို့ကို စီးနင်းသိမ်းပိုက်လိုတယ်လို့ လည်းပြောဆိုနေ ပါတယ် ။

နေ့လည်ပိုင်းမှာ တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ဟာ ၁၀၅ မိုင်ကနေ ထွက်ခွါသွားပြီဆိုပေမယ့် တပ်မတော်ဘက်က စစ်အုပ်ချုပ်ရေးကြေငြာထားပြီး ဒေသခံလူထုမှာလည်း လုံခြုံရေးအထူးစိုးရိမ် နေဆဲဖြစ်တယ်လို့သိရပါတယ် ။

No comments: