Tuesday, November 8, 2016

လုပ်သားလိုအပ်ချက်ကြောင့် ဂျပန်အနေဖြင့် မြန်မာအလုပ်သမားများကို ပိုမိုခေါ်ယူလာနိုင်

စိုးသူအောင်

တရုတ်နိုင်ငံ၏ စီးပွားရေးဖွံဖြိုး တိုးတတ်လာမှုကြောင့် တရုတ်အလုပ်သမားများ ဂျပန်သို့လာရောက်မှု ကျဆင်းလာပြီး မြန်မာနိုင်ငံမှ အလုပ်သမားများကို ပိုမိုခေါ်ယူ လာနိုင်သည်ဟု ဂျပန်နိုင်ငံသို့ အလုပ်သမားပို့ဆောင်မှု ၀န်ဆောင်မှုပေးနေသည့် Towords 21 ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးသန်းက မဇ္စျိမကို ပြောသည်။

“ ဂျပန်က နှစ်စဉ်အလုပ်သမား နှစ်သိန်းလောက် လိုနေတဲ့ထဲမှာ ၇၀ ရာခိုင်နှုန်းလောက်က တရုတ် လူမျိုးတွေကသွား လုပ်တာပေါ့နော်။ အခုကျတော့ တရုတ်လူမျိုးတွေက မသွားကြတော့ဘူး။ မသွားကြတော့ နှစ်စဉ်နှစ်တိုင်း အလုပ်သမား လိုအပ်ချက်မှာ အဲဒီ ၇၀ ရာခိုင်နူန်း လိုအပ်ချက်ကြီးက ရှိနေတယ်ပေါ့နော် “ ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂) ရပ်ကွက်၊ နတ်မောက် (၁) လမ်းသွယ်ရှိ Towords 21 Co.,LTD ၏ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဂျပန်နိုင်ငံရှိ အလုပ်သမားလိုအပ်ချက်၏ ၃၀ ရခိုင်နူန်းဖြစ်သည့် အလုပ်နေရာ ၆၀၀,၀၀ ခန့်ကို မြန်မာ လုပ်သားများအနေဖြင့် ရရှိလာနိုင်ကြောင်း ဦးမျိုးသန်းက ပြောသည်။

ဂျပန်နိုင်ငံသည် လုပ်သား မလုံလောက်မှုကြောင့် အာရှတိုက်မှ နှစ်စဉ် လုပ်သားနှစ်သိန်းခန့်ခေါ်ယူနေရပြီး လုပ်သား စုစု ပေါင်း၏ ၇၀ ရာခိုင်နူန်းမှာ တရုတ်နိုင်ငံမှဖြစ်ပြီး ဗီယမ်နမ်နိုင်ငံ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မွန်ဂို၊ သီရိလင်္ကာ၊ နီပေါနှင့် မြန်မာနိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။

မြန်မာလုပ်သားအချို့မှ ဒုက္ခသည်အဖြစ် လိမ်လည် လျှောက်ထားမှုများနှင့် လုပ်ငန်းခွင်မှ ထွက်ပြေးခြင်းများ ရှိခဲ့ဖူးသော ကြာင့် ဂျပန်နိုင်ငံမှ မြန်မာလုပ်သားများကို ခန့်ထားရန် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သိရသည်။

" အဲဒီလိုတွေမဖြစ်အောင် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနက နေပြီးတော့ ဥပဒေတွေနဲ့ တင်းတင်းကြပ်ကြပ် လုပ်ပြီး တော့ သွားမယ်ဆိုရင်တော့ ခုနကပြောတဲ့ ဂျပန်လုပ်ငန်းရှင်တွေကနေပြီးတော့ စိတ်ချသွားပြီဆိုရင်တော့ ခုနကပြောတဲ့ တစ်နှစ်ခြောက်သောင်းလောက်ပေါ့ ၊ ရဖို့ဆိုတာကတော့ မခဲယဉ်းဘူး " ဟု Towords 21 Co.,LTD မှ မန်နေးဂျင်း ဒါ ရိုက်တာ ဦးမျိုးသန်းက ပြောသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလထိ ဂျပန်နိုင်ငံသို့ ၀င်ရောက်လာသည့် မြန်မာလုပ်သားအရေအတွက်၏ ၂၅ ရာခိုင်နူန်းမှ ၃၀ ရာခိုင်နူန်းအထိ ဒုက္ခသည် အဖြစ် လိမ်လည် လျှောက်ထားမှု ရှိနေသည်ဟု ဂျပန် လ.၀.က မှတ်တမ်းများ အရသိရ ကြောင်း Towords 21 Co.,LTD ၏ နိုဝင်ဘာ ၈ ရက် ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမား ၀န်ကြီးဌာနမှ ဂျပန်နိုင်င့သို့သွားမည့် အလုပ်သမားများကို “ဒုက္ခသည်အဖြစ် လျှောက်ထားခြင်း မ ပြုလုပ်ပါ “ ဟူသည့် ခံဝန်ချက်များထိုးခိုင်းခြင်းကဲ့သို့ စည်းကမ်းချက်များ ထုတ်ထားခြင်းနှင့် ဂျပန် လ. ၀.က မှလည်း ဒု က္ခသည်အဖြစ်လျှောက်ထားသူများကို တင်းကျပ်စွာစီစစ်လာမှုများကြောင့် ၂၀၁၅ အောက်တိုဘာလမှ စတင်ကာ ၀.၁ ရာခိုင်နှုန်းအထိကျဆင်းသွားကြောင်း ယင်းထုတ်ပြန်စာမှ သိရသည်။

Towords 21 Co.,LTD ကုမ္မဏီအနေဖြင့် ၂၀၁၂ ခုနှစ်မှ စတင်ကာ ဂျပန်နိုင်ငံသို့ အလုပ်သမားပို့ဆောင်ပေးခြင်းနှင့် သင်တန်းပေးခြင်းဝန်ဆောင်မှုများကို စတင်လုပ်ကိုင်လာရာ လက်ရှိအချိန်ထိ လုပ်သား ၄၀၀ ကျော်ကို ၀န်ဆောင် မှုပေးခဲ့ကြောင်း သိရသည်။

No comments: