Friday, November 4, 2016

ဦးမျိုးရန်နောင်သိန်းကို နိုဝင်ဘာ ၉ရက်တွင် စတင်ရုံးထုတ်မည်

စိုးသူအောင်

ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီးလင်းထွန်းက တရားစွဲဆိုတိုင်ကြားခဲ့သည့်အတွက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် လှိုင်မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို နိုဝင်ဘာ ၉ ရက်တွင် စတင်ရုံးထုတ်မည်ဟု ၎င်း၏ ညီဖြစ်သူက ပြောသည်။

ဦးမျိုးရန်နောင်သိန်းကို နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း လှိုင်မြို့နယ်တရားရုံးတွင် ရမန်ယူခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၄ က ၄င်း၏ လူမူကွန်ရက်စာမျက်နှာပေါ်တွင် ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကို ဝေဖန်ရေးသားခဲ့သည့် စာအတွက် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။

“ ဒီနေ့ ရုံးထုတ်တယ်ခင်ဗျ။ လှိုင်တရားရုံးမှာ ယမန်ယူတယ်လို့တော့ပြောတယ်။ နောက်နိုဝင်ဘာ ၉ရက်ကို ချိန်းလိုက်တယ်ပေါ့။ တခြားမေးတာ ဘာညာတော့ မရှိသေးဘူး " ဟု ကိုမျိုးရန်နောင်သိန်း၏ ညီ ကိုမျိုးထိုက်တန်သိန်းက ပြော သည်။

ဦးမျိုးရန်နောင်သိန်းအား မနေ့က ယုဇနဟိုတယ် စားသောက်ခန်းမ၌ ကော်ဖီသောက်နေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဦးမျိုးရန်နောင်သိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူးဖြစ်သလို ဗေဒါ အင်စတီကျူ တည်ထောင်သူတစ်ဦးလည်း ဖြစ်သည်။

No comments: