Wednesday, November 16, 2016

ကထိန်ဇာတ်ပွဲ ဓားထိုးမှု ဖြစ်၍ ကျောက်ဖြူတွင် လူငယ် တစ်ဦးသေဆုံး

နိရဉ္စရာ၊


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နဂါးကျောင်း ကထိန်ပွဲတော်အတွင်း ထည့်သွင်း ဖြေဖျော်သည့် ဇာတ်ပွဲတွင် ဓားထိုးမှု ဖြစ်၍ အသက် ၁၆ နှစ်အရွယ် လူငယ် တစ်ဦးသေဆုံးပြီး လူငယ်နှစ်ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၁၃ ရက် ည ၉နာရီ ၁၅ မိနစ်ခန့်တွင် ဇာတ်ပွဲ ကပြ ဖြေဖျော်နေစဉ် လူငယ် အုပ်စုနှစ်ခုအကြား တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် စကားများ ရန်ဖြစ်ရာမှ ဓါးထိုးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ကျောက်ဖြူရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။

ဓားထိုးမှုကြောင့် သေဆုံးသွားသူမှာ မောင်အောင်မျိုးပိုင် (၁၆) နှစ်ဖြစ်ပြီး ကျောက်ဖြူဆေးရုံကြီးတွင် နိုဝင်ဘာ ၁၄ ရက် နံနက် ၅ နာရီခန့်တွင် သေဆုံးသွားသည်ဟု သိရသည်။

တစ်ခြားဒဏ်ရာရသူ လူငယ် နှစ်ဦးမှာ မောင်ဟန်ဝင်းလတ် (၁၅) နှစ်နှင့် အောင်မင်းရွှေ (၁၉) နှစ်တို့ ဖြစ်ကြပြီး ကျောက်ဖြူခရိုင် ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ကုသ နေရသည်ဟု ဆိုသည်။

ဓားဖြင့်ထိုးသူများမှာ ထွက်ပြေး လွတ်မြောက်နေပြီး သူတို့အား ကျောက်ဖြူရဲစခန်းတွင် က(ပ) ၇၂၉/ ၂၀၁၆၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။

No comments: