Monday, November 21, 2016

မယူကမ်းဒေသဖွံ့ဖြိုးရေးအသင်းမှ ပြည်နယ်အစိုးရ အကူအညီယူပြီး စပါးရိတ်သိမ်း ခြွေလှည့်စက်ဖြင့် စပါးများရိတ်သိမ်းပေးနေ

စံမောင်သန်း၊ စစ်တွေ


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်ဘက် မယူကမ်းဒေသဖွံ့ဖြိုးရေးအတွက် ဖွဲ့စည်း ထားသော မယူကမ်းဒေသဖွံ့ဖြိုးရေးအသင်းသည် ရခိုင်ပြည်နယ် အစိုးရထံမှ စပါးရိတ်သိမ်း ခြွေလှည့်စက်ဖြင့်များကို အကူအညီယူပြီး စပါးရိတ်သိမ်းရန် အခက်အခဲ ဖြစ်နေသော မောင်တော တောင်ပိုင်းနှင့် ဆက်စပ်နေသော ရသေ့တောင်မြို့နယ်မှ ကျေးရွာများတွင် မှည့်နေသော စပါးများကို ရိတ်သိမ်းပေးနေသည်ဟု သိရသည်။

လက်ရှိ အချိန်တွင် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရွာတွင် ရိတ်သိမ်းပေးနေပြီး ၎င်းကျေးရွာရှိ နယ်ခြားစောင့် ကင်းစခန်းသည် အောက်တိုဘာလ ၉ ရက်နေ့က တိုက်ခိုက် ခံခဲ့ရသည်။

ကိုးတန်ကောက် ကျေးရွာတွင် စပါးရိတ် သိမ်းမပေးမီ ချိန်ခါလိန်ကျေးရွာတွင် လယ်သမား ၃ ဦးနှင့် ဒုံးပိုက်ကျေးရွာမှ လယ်သမား ၉ ဦးအတွက် ဧက စုစုပေါင်း ၃၀ ဧကကျော် ရိတ်သိမ်း ပေးခဲ့သည်ဟု မယူကမ်း ဖွံ့ဖြိုးရေး အသင်း အတွင်းရေးမှူး ဦးစောလှအေးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“နယ်ခြားစောင့်တပ်ကို ဘင်္ဂလီ အကြမ်းဖက်သမားတွေ ၀င်ရောက်တိုက်ခိုက်ပြီးတဲ့ နောက်ပိုင်းမှာ ဘင်္ဂလီကျေးရွာနဲ့ နီးတဲ့ တိုင်းရင်းသားကျေးရွာတွေမှာ စပါးရိတ်သိမ်းဖို့ အခက်အခဲရှိတယ်ဆိုတာ ရွာသားတွေက တင်ပြကြပါတဲ့အတွက် သိရှိရပါတယ်။ အဲဒီကိစ္စကို အဖွဲ့အတွင်းမှာ ဆွေးနွေးပြီး အစိုးရဆီက စပါးရိပ်သိမ်းခြွေလှည့်စက် ၂ လုံး၊ ပခုံးတင် ရိပ်သိမ်းစက် ၃ လုံး ငှားရမ်းပြီးတော့ လယ်သမားတွေကို ကူရိတ်သိမ်းပေးနေပါတယ်။ အခု ၁၀ ရက်ကျော် ရှိနေပါပြီ” ဟု သူက ပြောသည်။

ရိတ်သိမ်းခြွေစက်တစ်လုံး ၁ ရက် ရိတ်နိုင်အားမှာ ၁၀ ဧကခန့် ပြီးစီးနိုင်သော်လည်း စက်ချွတ်ယွင်းမှုများရှိနေပြီး စက်ကျွမ်းကျင်သူမရှိ၍ နှောင့်နှေးကြံ့ကြာမှုများ ရှိနေသည်ဟု ဆိုသည်။

“လယ် ၅ ဧကလောက် လုပ်စားပါတယ်။ ဒီရိတ်သိမ်းခြွေလှည့်စက်နဲ့ ရိတ်သိမ်းဖို့ စောင့်နေတာပါ။ အခု စက်ချွတ်ယွင်းနေတော့ မရိတ်သိမ်းရသေးပါဘူး။ ရိတ် သိမ်းစရိတ်တော့ တစ်ဧကကို ဆီစရိတ် ၄ သောင်းကျပ် ပေးရတဲ့အတွက် လူအားနဲ့ ရိတ်သိမ်းစရိတ်နဲ့ သိပ်မကွာပါဘူး။ ဒါပေမယ့် စက်နဲ့ရိတ်တယ်ဆိုတော့ မြန်မြန်ဆန်ဆန်ပြီးတဲ့အပြင် ခြွေစရာလည်း မလိုတော့ပါဘူး။ လယ်သမားတွေ အတွက် အဆင်ပြေပါတယ်”ဟု ချိန်ခါလိန် တိုင်းရင်းသားကျေးရွာမှ ဦးအောင်သိန်းကျော်က ပြောသည်။

စပါးရိတ်သိမ်းရာတွင် ခြွေလှည့်စက် အသေးအတွက် ကျပ် ၁၀၀၀၀ နှင့် ရိတ်သိမ်းခြွေလှည့်စက် အကြီးအတွက် ကျပ် ၃၀၀၀၀ ပြည်နယ်အစိုးရသို့ ပေးဆောင်ရပြီး ဆီဖိုးကို ပေးစရာ မလိုဟု သိရသည်။

လူကိုအသုံးပြု၍ ရိတ်သိမ်းလျှင် တစ်လ ကြာမည့်အလုပ်ကို တစ်ရက်အတွင်းပြီးစီးနိုင်သဖြင့် သူမအတွက် တွက်ခြေကိုက်သည်ဟု ဒုံးပိုက်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မမှာ လယ် ၃ ဧကလောက် ရှိပါတယ်။ လူကို အသုံးပြုပြီး ရိတ်သိမ်းမယ်ဆိုရင် လနဲ့ ချီပြီး ကြာနိုင်ပါတယ်။ အခုက တစ်ရက်တည်းနဲ့ ရိတ်သိမ်းပြီး ခြွေနိုင်တယ်ဆိုတော့ ကျွန်မအတွက် အကျိုးရှိပါတယ်။ ရိတ်သိမ်းပြီးတာနဲ့ အခြားအလုပ်တွေကို လုပ်လို့ရသွားတာပေါ့”ဟု ဒုံးပိုက် ကျေးရွာမှ အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ဒုံးပိုက်ကျေးရွာတွင် အသုံးပြုနေသော ရိတ်သိမ်းခြွေလှည့်စက်ကို ဒုံးပိုက်ကျေးရွာတွင် ရိတ်သိမ်းပြီးပါက ကိုးတန်ကောက်ကျေးရွာရှိ လယ်သမားများအတွက် ဆက်လက် ရိတ်သိမ်းပေးသွားမည်ဟု ပြောသည်။

မယူကမ်းဒေသဖွံ့ဖြိုးရေးအသင်းမှ အသုံးပြုနေသော စက်များကို ရခိုင်ပြည်နယ်အစိုးရထံမှ ငှားရမ်းနိုင်ရန် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ကူညီဆောင်ရွက်မှုဖြင့် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဌာန ၀န်ကြီး ဦးကျော်လွှင်မှ စီစဉ် ပေးခဲ့သည်ဟု သိရသည်။

မယူကမ်းဒေသဖွံ့ဖြိုးရေးအသင်းသည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်အတွင်းမှ ကျေးရွာ ၉၂ ရွာဖွံ့ဖြိုးရေးအတွက် ပစ်မှတ်ထားလုပ်ဆောင်နေသည်ဟု သိရှိရသည်။

No comments: