Sunday, November 6, 2016

ယာဉ်လုပ်သမားများ ဝန်ဆောင်မှုပျက်ကွက်ပါက လုပ်ငန်းလိုင်စင် ဖျက်သိမ်း အရေးယူမည်

စိုးမိုးအောင်

ယာဉ်လုပ်သားတွေဟာ ပြည်သူလူထုအတွက် ဝန်ဆောင်မှု ပျက်ယွင်းခဲ့ရင် လုပ်ငန်းလိုင်စင် ဖျက်သိမ်းတဲ့အထိ အရေးယူဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ယာဉ်လုပ်သားများအခြေခံသင်တန်းဖွင့်ပွဲမှာ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါ ယာဉ်လုပ်သားတွေဟာ တာဝန်မကျေတဲ့အပြင် ဆက်ဆံရေး ညံ့နေတာ တွေ့ရကြောင်း၊ ယာဉ်လုပ်သားတွေဟာ ခရီးသည်တွေနဲ့ ဆက်ဆံတဲ့အခါ ကြမ်းတမ်းစွာ ဆက်ဆံပြောဆိုမှုတွေ၊ ခရီးစရိတ် ပိုမိုတောင်းခံခြင်းတွေကို ခရီးသွားပြည်သူတွေက နေ့စဉ်တိုင်ကြားနေကြောင်း၊ ယာဉ်လုပ်သားတွေဟာ မင်းမဲ့စရိုက်ဆန်ဆန် ခရီးသည်တင်ယာဉ်အချင်းချင်း တုတ်တွေ ကိုင်ဆောင်ကာ ရိုက်နှက်မှုတွေ၊ ပုဂ္ဂလိကယာဉ်တွေ၊ Taxi ယာဉ်မာင်းနှင်သူတွေနဲ့ပါ ခရီးသည်တင်ယာဉ်မောင်းတွေက အုပ်စုဖွဲ့ ရိုက်နှက်မှုတွေ ဖြစ်နေတာကြောင့် ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဦးလှအောင်က သင်တန်းသားတွေကို သတိပေးပြောဆိုခဲ့ပါတယ်။

အဲကွန်းတပ်ဆင်ထားတဲ့ ယာဉ်တချို့ဟာ ယာဉ်စီးခတွေ ပိုမိုတောင်းခံနေတဲ့အတွက် ပြည်သူတွေအနေနဲ့ အဲဒီလို ပေးဆောင်ရပါက ယာဉ်နံပါတ်နဲ့အတူ ဖုန်း-၀၁ ၈၅၀၀၆၅၁ ကို တိုင်ကြားနိင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယာဉ်လုပ်သားအခြေခံသင်တန်း အမှတ်စဉ် ၂၁/၂၀၁၆ ကို နိုဝင်ဘာလ 6 ရက်က ရန်ကုန်မြို့ မထသဗဟိုမှာ ပြုလုပ်ခဲ့ပြီး မော်တော်ယာဉ်လိုင်းပေါင်းစုံမှ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၁၃၉ ဦး တက်ရောက်ခဲ့ပါတယ်။

No comments: