Tuesday, November 1, 2016

မန္တလေး ရေဒါ စခန်းတည်ဆောက်မှု အကြမ်းထည်ပြီးစီး

အောင်ကိုဦး

မိုးလေ၀သ ရေဒါစခန်း(မန္တလေး)ကို စဥ့်ကိုင်မြို့နယ်၊ တံတားဦးလေဆိပ်အိမ်ရာအနီးတွင် တည်ဆောက်လျက်ရှိရာ အကြမ်းထည်ပိုင်း ပြီးစီးပြီဖြစ်၍ လာမည့် ၂၀၁၇ နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်နိုင်မည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(အထက်မြန်မာပြည်)မှ ညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက မဇ္ဈိမကို ပြောသည်။

၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလမှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အမြင့် မီတာ ၅၀ (၁၂ - ထပ်) အဆောက်အဦဖြစ်ကာ JICA ၏ ကူညီထောက်ပံ့မှုဖြင့် တည်ဆောက်ခြင်းဖြစ်သည်။

ကျောက်ဖြူ ရေဒါစခန်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၉ ရက်နှင့် ရန်ကုန်ရေဒါစခန်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်က ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

"မုန်တိုင်းနဲ့ ရာသီဥတု အခြေနေကို ပိုပြီး စောင့်ကြည့်နိုင်ပြီး ကောင်းမွန်တဲ့ ကြိုတင်သတိပေးချက် တွေရလာမယ်။ ရေဒါ မရှိခင်က ဂြိုလ်တုတိမ်ပုံတွေပဲ ကြည့်ရတဲ့အခါ မုန်တိုင်းရဲ့ဖွဲ့စည်းပုံကို တိတိကျကျ မဆုံးဖြတ်နိုင်ဘဲ ရေဒါနဲ့ စောင့်ကြည့်တော့ သုံးဘက်မြင်ပုံစံမျိုးနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်မှာ ဖြစ်ပါတယ် " ဟု ဦးကျော်လွင်က ပြောသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းသည် မိုးနည်းရပ်ဝန်းဖြစ်သော်လည်း နိုင်ငံ၏ အရှေ့ဘက်နှင့် အနောက်မြောက်ဘက်က ၀င်ရောက်လာတတ်သည့် လေဗွေလှိုင်းများကြောင့် ဆိုးရွားသည့် ရာသီဥတုဖြစ်ပေါ်တတ်သည့် အခြေအနေများကို စောင့်ကြည့်လေ့လာပြီး အချိန်မှီ သတင်းထုတ်ပြန်ရန် မန္တလေးတွင် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

မိုးလေ၀သ ရေဒါများသည် အချင်းကီလို မီတာ ၉၀၀ အတွင်း အချက်အလက်များ ဖမ်းယူသိရှိနိုင်ပြီး ရေဒါစခန်း သုံးခုနှင့် ချိတ်ဆက်ထားသည့် အလိုအလျောက် မိုးလေ၀သစောင့်ကြည့်သတင်းပို့သည့် မိုးလေ၀သ တိုင်းတာရေး ကိရိယာများကို မြို့ပေါင်း ၃၀ တွင် တပ်ဆင်ထားကြောင်း သိရသည်။

No comments: