Friday, November 4, 2016

မင်းပြားမြို့ရှိ ဘေးတွဲဆိုင်ကယ်များအား တားဆီးရန် အနှေးယာဉ် သမားများက ဆန္ဒပြတောင်းဆို

မဘုကေ


ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ တရားမဝင် ဘေးတွဲဆိုင်ကယ်များ ပြေးဆွဲနေမှု အပေါ် အနှေးယာဉ် ဆိုက္ကား သမားများက နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁ဝ ရီခန့်က ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။

တရားမဝင် ဘေးတွဲဆိုင်ကယ်များသည် ယခုနောက်ပိုင်း မင်းပြားမြို့တွင် များပြား လာနေ၍ အနှေးယာဉ် ဆိုက်ကားသမားများ စားဝတ်နေရေး အခက်ကြုံလာရသည့် အတွက် ယခုကဲ့သို့ ကန့်ကွက်ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆိုက်ကားသမားများအသင်း ဥက္ကဋ္ဌ ဦးသန်းထွန်းက နိရဉ္စရာကိုပြောသည်။

“ကျနော်တို့ အနှေးယာဉ်တွေက နိုင်ငံကို နှစ်စဉ် ဘဏ္ဍာငွေသွင်းထားရတဲ့ တရားဝင် ဆိုက်ကားတွေပါ။ ဘေးတွဲက တရားမဝင်ဘူး။ ဒါကို တရားဝင် ဖြစ်အောင် အစိုးရက လုပ်ပေးပါ၊ မဟုတ်ရင် အရေးယူပေးပါ။ ဒါမှမဟုတ် မြို့ပြင်မှာပဲ ပြေးဆွဲခွင့်ပြုပါဆိုပြီး ကျနော်တို့ တောင်းဆိုရတာပါ” ဟု ဦးသန်းထွန်းက ဆိုသည်။

မော်တော်ဆိုင်ကယ်တွင် ဘေးတွဲလုပ်၍ ခရီးသည်များကို တင်ဆောင် ပြေးဆွဲ နေသော ဘေးတွဲ ဆိုင်ကယ်များကို အရေးယူရန် မင်းပြားမြို့ပေါ်ရှိ ဆိုက်ကား သမားများ အနေဖြင့် အောက်တိုဘာလ ၁ဝ ရက်နေ့ကလည်း ကန့်ကွက် ဆန္ဒပြ ခဲ့ကြကြောင်း၊ သို့သော်လည်း အကြောင်းမထူး၍ ယနေ့ ထပ်မံ ဆန္ဒပြရခြင်း ဖြစ်သည်ဟု သိရသည်။

“ကျွန်တော်မှာ ၁ဝ တန်းကျောင်းသား နှစ်ယောက်နဲ့ ၈ တန်းကျောင်းသား တစ် ယောက်ရှိပါတယ်။ ဘေးတွဲဆိုင်ကယ်တွေကြောင့် ကျွန်တော်တို့ ဆိုက်ကား မနင်းရတော့ ထမင်းတောင် ငတ်နေပြီ ”ဟုလည်း ဆန္ဒပြရာတွင်ပါဝင်သည့် ဆိုက်ကား သမားတစ်ဦးဖြစ်သူ ကိုအောင်စိုးသန်းက ပြောသည်။

မင်းပြားမြို့ပေါ်တွင် အနှေးယာဉ်ဆိုက်ကားစီးရေ ၃ဝဝ ခန့်ရှိကြောင်းလည်း သိရသည်။

ယနေ့ပြုလုပ်သည့် ဆန္ဒပြပွဲကို သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဆိုက်ကားသမား ဦးရေ ၂ဝဝ ခန့် ပါဝင် ဆန္ဒပြရာတွင် ပါဝင်ကြောင်း ဒေသခံများက ဆိုသည်။

ဘေးတွဲဆိုင်ကယ်မှာ မော်တော်ဆိုင်ကယ်ကို လူးစီးဘေးတွဲအဖြစ် ပြုလုပ်ထားသဖြင့် ခရီးသွားလာရာတွင် လျင်မြန်သဖြင့် လူစီးများသဖြင့် အနှေးယာဉ်သမားများ ထိခိုက်နစ်နာမှု ရှိနေကြောင်း သိရသည်။

No comments: