Monday, November 21, 2016

တရုတ် - မြန်မာနယ်စပ်အနီးရှိတိုက်ပွဲများကြောင့် တရုတ်ပြည်၏ လုံခြုံရေးကို ထိခိုက်မှု မရှိစေရန် မျှော်လင့်ကြောင်းထုတ်ပြန်

စိုးသူအောင်

မြန်မာပြည်မြောက်ပိုင်း ၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိခိုက်မှုမရှိစေရန် မျှော်လင့်သည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြား ထားသည့် ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံရုံးတာဝန်ရှိသူတစ်ဦးဖြစ်သည့် မသဉ္ဇာလှိုင်က အတည်ပြုပေးသည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက တရုတ်တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအတွင်း ပစ်ခတ်မှုများနှင့် သက်ဆိုင်သည့် အခြေအနေကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ပြီး ထိပ်တိုက်တွေ့မှုများ ပိုမိုမပြင်းထန်လာစေရန် မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

တရုတ်တပ်မတော်သည် လိုအပ်သည်များကို သတိရှိရှိ အာရုံစူးစိုက်ပြီး မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ ကိုထိန်းသိမ်းစောင့်ရှောက်၍ တရုတ်နယ်စပ်ဒေသရှိ ပြည်သူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိန်းသိမ်းစောင့်ရှောက်ပေးမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုဝင်ဘာလ ၂၀ရက်နေ့ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တရုတ်နိုင်ငံနှင့် နီးစပ်သည့် ဒေသများတွင် ပစ်ခတ်မှုဖြစ်ပွားသောကြောင့် နယ်စပ်ဒေသမှမြန်မာပြည်သူများ တရုတ်ပြည်သို့ဝင်ရောက်ပြီး စစ်ဘေးရှောင်ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရသည်။

တရုတ်နိုင်ငံမှ ဒေသအစိုးရသည် လူသားချင်းစာနာမှုအနေဖြင့် စစ်ဘေးရှောင် ပြည်သူပြည်သားများကို ယာယီလက်ခံ ပြုစုပေးနေပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ပြီး ကုသပေးနေကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေနေများကို စောင့်ကြည့်နေပြီး အပစ်အခတ် ရပ်စဲရန် ထိရောက်သောဆောင်ရွက်ချက်နှင့် နယ်စပ်ဒေသကို လျင်မြန်စွာ တည်ငြိမ် အေးချမ်းလာစေရန် မျှော်လင့်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ လုံခြုံရေးသတိထားရန် သတိပေးလိုက်ပြီး အကူအညီ လိုအပ်ပါက ၀၀၉၅-၉၄၃၂၀၉၆၅၇ (ရန်ကုန်မြို့ရှိ တရုတ်သံရုံး)၊ ၀၀၉၅-၉၂၅၉၁၇၂၇၂၆ (မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး) သို့ ဖုန်းဆက်ပြီး အကူအညီတောင်းနိုင်ကြောင်း တရုတ်သံရုံးတွင် ဖော်ပြထားသည်။

No comments: