Wednesday, November 23, 2016

သျှမ်း/မြောက်တိုက်ပွဲ အမြန်ဆုံးတွေ့ဆုံပြီး လူထုအတွက် အဖြေရှာပေးဖို့ အစိုးရအား လူထုတိုက်တွန်း

ယိင်းတိုင်း


သျှမ်းပြည်မြောက်ပိုင်း မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှတဆင့် ဆက်လက်ဖြစ်ပွားနေသော သျှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုနှင့် အစိုးရတပ်မတော်ကြား စစ်ရေးတင်းမာမှုများကို လက်ရှိအစိုးရအနေနှင့် နှစ်ဖက်တပ်များကြား အမြန်ဆုံးဝင်ရောက်ဖြေရှင်းညှိနှိုင်းပေး၍ လူထုအတွက်အဖြေရှာပေးရန် သျှမ်းပြည်နယ် အရေးလေ့လာစောင့်ကြည့် သူများက တိုက်တွန်းတောင်းဆို ထားပါသည် ။

“ အဓိက ကတော့ အားလုံးပါဝင်မှပဲ ငြိမ်းချမ်းရေးက ပီပြင်မှာပါ။ အားလုံးမပါ ၀င်နိုင် သ၍တော့ ဒီလိုပဲသေနတ် သံတွေထပ်ပြီး ကြားနေရဦးမှာပဲ ။ဒီလိုသာ ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ တွေ အဓိပ္ပါယ်ရှိပါဦးမလား ။ လက်ရှိအစိုးရက နှစ်ဖက်တပ်တွေနဲ့ အမြန်ဆုံး တွေ့ဆုံးဆွေး နွေးဖို့တိုက်တွန်းချင်ပါတယ် ” ဟု မြန်မာလူထုမဟာမိတ် အဖွဲ့မှ ကိုမိုးကပြောသည် ။

၂၁ ရာစုပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် လိုအပ်သော နိုင်ငံရေးဆွေးနွေးမှု များဖြစ်သည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ကျင်းပနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေသော အချိန်ကာလ ဖြစ်သကဲ့သို့ သျှမ်းအမျိုးသားများ၏ နှစ်သစ်ကူးပွဲတော်ကျင်းပမည့်အချိန်လည်း တိုက်နေကြောင်း၊ ယခုဖြစ်ပွားလျှက်ရှိသော စစ်ရေး တင်းမာမှုများသည် ပြည်သူလူထု၏ အသက်အိုးအိမ်များကို တိုက်ရိုက်ထိခိုက်လာသည့်အတွက် လွန်စွာ စိုးရိမ်ပူပန်လျှက်ရှိကြောင်း သျှမ်းပြည်နယ်ငြိမ်းချမ်းရေးအလုပ်အဖွဲ့ မှ ကိုဝင့်ထည်ကောင်းမြတ်ကပြောသည် ။

”ငြိမ်းချမ်းရေးကို တောင်းဆိုလေပိုပြီး ဆိုးလာလေ ဖြစ်နေတယ် ။ အစိုးရအနေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တပ်မတော်ကြား ညှိနှိုင်းမှုတွေပျက်ကွက်ခဲ့ တယ် လုပ်ကိုမလုပ်ခဲ့ဘူး ။ အစိုးရအနေနဲ့ဒါကို နုတ်ပိတ်မနေသင့်ဘူး ။ အမြန်ဆုံးပြေလည်အောင် ကြားဝင်ညှိနှိုင်းပေးဖို့တောင်းဆိုပါတယ် ဟု ကိုဝင့်ထည်ကောင်းမြတ်ကပြောသည် ။

သျှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်လျှက် ရှိသော တိုင်းရင်းသားပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးတောင်းဆိုချက်များကို စဉ်ဆက်မပြတ် အကြိမ်ပေါင်း များစွာတောင်းဆိုခဲ့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးနေကြသော အစိုးရအဖွဲ့၊ တပ်မတော်၊ တိုင်းရင်း သားတော်လှန်ရေးလက်နက်ကိုင် ခေါင်းဆောင် များအနေဖြင့် ငြိမ်းချမ်းရေးကို ရရှိအောင်စွမ်းဆောင်နိုင်ခြင်းမရှိသည့်အပြင် စစ်ရေးတင်းမာမှုများသည် အချိန်ကာလကြာရှည်လာသည်နှင့်အမျှပိုမိုဆိုးရွားပြင်းထန်လာသည်ကို တွေ့ရှိရပါသည် ။

ထို့ကြောင့် အစိုးရခေါင်းဆောင်များ၊ တပ်မတော်မှတာဝန်ရှိသူများနှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အင်အားစုများမှ ခေါင်းဆောင်များအနေဖြင့် ယခုဖြစ်ပွားလျှက်ရှိသော စစ်ပွဲများအား ချွင်းချက်မရှိအမြန်ဆုံးရပ်တန့်ပေးပါရန်လက်ရှိ စစ်ရေးတင်းမာမှု များနှင့် ပတ်သက်၍ သျှမ်းပြည်နယ်ငြိမ်းချမ်းရေးအလုပ်အဖွဲ့ကတောင်းဆိုထားသည် ။

No comments: