Saturday, November 19, 2016

ကုန်ဈေးနှုန်း ကျဖို့ အချိန်ယူရမယ်လို့ အစိုးရ သတင်းစာပြော

မဇ္ဈိမ

လွှတ်တော်အတွင်း အမတ်တစ်ဦး၏ ကုန်ဈေးနှုန်းကြီးမြင့်မှု ထိန်းချုပ်ပေးနိုင်မည့် နည်းလမ်းများကို မေးခွန်းထုတ်ပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် ပြန်လည်ဖြေကြားသည့် ဖြေကြားချက်အပေါ် ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် ကုန်ဈေးနှုန်း ကျဆင်းရန် အခြေခံ အချက်အလက်များကို ရှင်းပြထားပြီး အချိန်ယူရမည်ဟု အစိုးရသတင်းစာဖြစ်သော မြန်မာ့အလင်း အယ်ဒီတာ့ အာဘော်တွင် ရေးသားသည်။

“တရိပ်ရိပ်တက်နေသော ကုန်ဈေးနှုန်းတို့ ကျဆင်းရေး ကို ဈေးကွက်စီးပွားရေး နည်းလမ်းအရ ဆောင်ရွက်ရမည် ဖြစ်၍ အချိန်ယူရ မည် ဖြစ်ပါသည်။ ဤသို့ဆို၍ လူထုအစိုးရက ကုန်ဈေးနှုန်းကျဆင်းရေး ကို ဆောင်ရွက်ပေးရန် မဖြစ်နိုင်ဟု ဆိုလိုခြင်းမရှိပါ” ဟု နိုဝင်ဘာ ၁၈ ရက် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့အာဘော်က ဆိုသည်။

ကုန်ဈေးနှုန်းကို ထိန်းချုပ်၍မရဘဲ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက်လည်း ကြိုးပမ်းရမည်ဟုဆိုသည်။ “ဈေးကွက်စီးပွားရေးစနစ်၌ အစိုးရတစ်ရပ် သည် ပြည်သူတို့၏ စားဝတ်နေရေး ချောင်လည်ရေးနှင့် လူနေမှုအဆင့် အတန်း မြှင့်တင်ရေးကို ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်သော်လည်း ဤသို့ ကြိုးပမ်းဆောင်ရွက်ရာ၌ ကုန်ဈေးနှုန်းတို့ကို ထိန်းချုပ်သော နည်းလမ်းဖြင့် ဆောင် ရွက်၍ မရနိုင်ပါ။ အခြေခံအားဖြင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် နိုင်ငံတော်အစိုးရသည် တိုင်းပြည်စီးပွားရေး အနေအထား တစ်ရပ်လုံးကို တိုးတက်ကောင်းမွန် လာအောင် ဆောင်ရွက် ရမည် ဖြစ်ပါသည်။”

အလားတူ နှစ်ပေါင်းများစွာ အမြစ်တွယ်လာပြီးဖြစ်သည့် ငွေကြေးဖေါင်းပွမှု ပြဿနာနှင့် ပတ်သက်၍လည်း “ငွေကြေးဖောင်းပွမှုလျှော့ချရန် ငွေရေးကြေးရေးကဏ္ဍ အပါအဝင် တိုင်းပြည်၏စီးပွားရေးကဏ္ဍတို့အကြား ဟန်ချက်ညီအောင် ထိန်းညှိ လျက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း တိုးတက် လာအောင် ဆောင် ရွက် ရမည် ဖြစ်ပါသည်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား တိုးတက်ရရှိနိုင်ရေးကို နည်းလမ်းပေါင်း စုံဖြင့် ဆောင်ရွက်လျက် ရှိသော်လည်း လူထု အစိုးရသစ်၏ လက်ရှိခုနှစ်လ ကာလအတွင်း ပြီးမြောက်အောင် ဆောင် ရွက်နိုင်သော ကိစ္စရပ် မဟုတ်ပါ။” ဟု ဖြေရှင်းထားသည်။

No comments: