Friday, November 4, 2016

ယူအန်ကို ဆန္ဒပြရန် ခွင့်ပြုချက်တင်ထား

နိရဉ္စရာ၊


မောင်တောမြို့တွင် UN ကို ကန့်ကွက် ဆန္ဒပြရန် စီစဉ်နေပြီး လက်ရှိ အချိန်တွင် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးစိန်လှဖြူက နိရဉ္စရာသို့ ပြောသည်။

“ ဒီလ ၇ ရက်နေ့မှာ ပြုလုပ်ဖို့ လျှောက်လွှာတင်ထားပါတယ်။ မောင်တောမြို့ UN ရုံးရှေ့မှာ ဆန္ဒပြ ကန့်ကွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီမှာ UNHCR ရုံးရော၊ WFP ရုံးရော ရှိပါတယ်” ဟု ဦးဆောင်စီစဉ်သူ ပြောသည်။

ဆန္ဒပြမည့် ရည်ရွယ်ချက်ကို မေးမြန်းရာ သူက “ ယူအန်အနေဖြင့် ယနေ့ ဘင်္ဂလီများကို ကူညီ ဆောင်ရွက်နေတဲ့ အရာတွေဟာ ထောက်ပံ့ရာ မရောက်ဘဲ မြှောက်ပေးရာ ရောက်နေပါတယ်။ ဒါကြောင့် ခုလို အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတာ ဖြစ်တယ်။ ဒါကြောင့် ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့တောင်းဆိုသွားမယ်” ဟု ပြောဆိုသည်။

၎င်းပြင် ဘင်္ဂလီများ၏ လူဦးရေ ပေါက်ဖွားမှုနှုန်းမှာ အရမ်းမြင့်မားနေပြီး တစ်လင် တစ်မယား စနစ်ကိုလည်း ကျင့်သုံးမှု မရှိသဖြင့် ၎င်းကို ယူအန်အနေဖြင့် ထိန်းချုပ်ရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု အက်ဥပဒေဖြင့် နိုင်ငံသား စိစစ်မှုကို ပြုလုပ်ရန်ကိုလည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ဦးစိန်လှဖြူက ဆက်လက် ပြောဆိုသည်။

“ လူက ၃၀၀ ခန့် ပါဝင်မယ်လို့ တင်ထားပါတယ်။ လူပေါင်း ဘယ်လောက်ပါမလဲဆိုတာကတော့ ဆန္ဒပြပွဲ ပြုလုပ်တဲ့ နေ့မှ သိရမှာပါ” ဟု သူက ပြောဆိုသည်။

အဆိုပါ ယူအန်အား ဆန္ဒပြမည့် ကိစ္စနှင့် ပတ်သက်ပြီး မောင်တောမြို့နယ်ရဲစခန်းသို့ နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကျော်မြ၀င်းက “ ခွင့်ပြုချက် တင်ထားတာကို လက်ခံ ရရှိပါထားပါတယ်။ ဒါပေမယ့် ဆန္ဒဖော်ထုတ်ခွင့်နဲ့ ပတ်သက်ပြီး ယခင်ကလို ၅ ရက်ကြိုတင်ပြီး ရဲဆီက ခွင့်ပြုချက်တောင်းခံဖို့ မလိုတော့ဘူး။ လွှတ်တော်ကနေ ဆုံးဖြတ်ထားက လွတ်လပ်စွာပြလို့ရတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ဆီကိုတော့ ညွှန်ကြားချက် မရောက် သေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ဆီက ခွင့်ပြုချက် မလိုတော့ဘူး။ ကျွန်တော်တို့က လုံခြုံရေးကို တာဝန်ယူပေးဖို့ အဆင့်နဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မပေါ်အောင် စီမံခန့်ခွဲ လုပ်ဆောင်ဖို့ဘဲ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့ကလဲ လူမှုကွန်ရက် (မောင်တော)မှ နိုင်ငံခြား သံတမန်များ မောင်တောမြို့နယ်သို့ ရောက်ရှိ လာချိန်တွင် ပိုစတာ ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြသည်။ “ အကြမ်းဖက်အားပေး ယူအင်၊ အိုင်အန်ဂျီအို အဖွဲ့အလိုမရှိ ထွက်သွား၊ Terrorist Help Group UN, INGO, Get Out” ဟု ရေးသားထားသော စာရွက်များကို ကပ်ပြီး ၎င်းလူပ်ရှားမူကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

No comments: