Monday, November 21, 2016

မူဆယ်တိုက်ခိုက်မှုတွင် ၈ ဦးသေ၊ ၂၉ ဦး ဒဏ်ရာရ

DVB


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်တွင်း ကချင်၊ ပလောင်နဲ့ ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ အကောက်ခွန်ဝန်ထမ်းနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အမ်အန်ဒီအေအေ) ပူးပေါင်းအဖွဲ့တွေ မနေ့မနက်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အပါအ၀င် ၁၀ နေရာလောက်မှာ အလစ်အငိုက် ၀င်ရောက်ပစ်ခတ်တိုက်ခိုက် တံတားတွေကို မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ နန့်ပေါ်တံတားလုံခြုံရေး ရဲကင်းအနီး ပစ်ခတ်တိုက်ခိုက်မှုတွေမှာ တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ပြည်သူ ၁ ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မူဆယ်မြို့မရဲစခန်း အရှေ့တောင်ဘက် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းဇုန်အနီး တပ်စခန်းကို ပစ်ခတ်မှုမှာတော့ ပြည်သူ့စစ် ၁ ဦးနဲ့ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ အကောက်ခွန်ဝန်ထမ်း ၂ ဦးနဲ့ ပြည်သူ ၁၅ ဦး ထိခိုက်ဒဏ်ရာ ရသွားပါတယ်။

လားရှိုး-မူဆယ် လမ်းမကြီးပေါ် သိန္နီမြို့နယ်ရှိ နမ့်မတူတံတားကို ယာဉ်နဲ့ ဗုံးဖောက်ခွဲတိုက်ခိုက်ရာမှာတော့ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် တံတားလည်း အနည်းငယ်ပျက်စီးသွားပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို မူဆယ်ဆေးရုံသို့ ပို့ဆောင် ဆေးဝါးကုသမှုပေးခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ ဦးခေါင်းဒဏ်ရာရခဲ့တဲ့ ဒေါ်ရှန်ဆွေ အသက် (၅၆) နှစ် အရွယ် အမျိုးသမီးတဦးကို စစ်ရဟတ်ယာဉ်နဲ့ လားရှိုးမြို့ကို သယ်ဆောင် ဆေးကုသမှုပေးခဲ့ရတယ်လို့ အစိုးရနဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

No comments: