Tuesday, November 8, 2016

နမ့်လန် မြို့မဈေး မီးလောင် ဆိုင်ခန်း ၅၀၀ ကျော်ပျက်စီး ကျပ်သိန်း ၂၄၀၀ ကျော် ဆုံးရှုံး

စိုင်းအောင်ဆိုင်း


သီပေါမြို့နယ် နမ့်လန် ကျေးရွာအုပ်စုရှိ မြို့မဈေးမီးလောင်မှုကြောင့် ဆိုင်ခန်း ၅၄၅ ခန်း လောင်ကျွမ်း ပျက်စီးခဲ့ပြီး ကျပ်သိန်းပေါင်း ၂၄၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း နမ့်လန် ကျားခေါင်းပါတီ ဥက္ကဌ စိုင်းဆမ်လျန်းက ပြောသည် ။

နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီခန့်ကနမ့်လန်ဈေးကြီး မီးလောင်ခဲ့ခြင်းဖြစ်ပြီး ၂ နာရီကြာလောင်ကျွမ်းမှုအတွင်း ဈေးကြီးတခုလုံး လောင်ကျွမ်းပြာကျခဲ့သည်။ ည ၈ နာရီကျော်မှသာ မီးညွန့်ကျိုးသွားကြောင်းဆိုပါသည် ။

‘ မီးစလောင်တဲ့ ဆိုင်က မီးကြွင်းမီးကျန် ကျန်နိုင်တဲ့ ဆိုင်မျိုးလည်း မဟုတ်ဘူး။ ကုန်စုံဆိုင်ဆို တော့ လေ။ အခုထိ လူ ၅ ယောက်လောက်ကို ခေါ်စစ်ဆေးနေတယ်။ တစ်ချို့ကလည်း ရှို့မီးလို့ အသံထွက်နေတယ်။ ဘာကြောင့်ဆိုတာလည်း အဖြေမပေါ်သေးဘူး ‘ ဟု စိုင်းဆမ်လျန်းက ဆိုသည် ။

ညနေပိုင်းဈေးပိတ်ချိန်တွင် မီး စတင်လောင်ကျွမ်းခြင်းဖြစ်ရာ ဆိုင်တွင်း ပစ္စည်းများ အချိန်မှီ မသယ်နိုင် ထုတ်နိုင်ဘဲ ဆုံးရှုံးမှုများရှိခဲ့ကြောင်း ဒေသခံစိုင်းနောင်ကလည်း ပြောသည် ။

” ကျနော့အမျိုးတွေဆို ဆိုင်တွေအားလုံးပါသွားတာ။ ၅ ဆိုင်စလုံးပဲ ။ ဒီဒေသက လူအများစုက တောင်သူလူထုလေ။ ဒီနှစ် ပြောင်းတွေက ခွက်ခွက်လှန်အောင်ရှုံးနေပြီး မီးကပါ ထပ်လောင်တော့ ဒေသခံတွေ ဒုက္ခရောက်တာပေါ့ “ဟု စိုင်းနောင်က မှတ်ချက်ပြုသည် ။

နမ့်လန်မြို့မဈေး မီးလောင်မှုတွင် ဒေသတွင်းလူထုနှင့်အတူ သီပေါ၊ ကျောက်မဲ ၊ လားရှိုး ၊ မိုင်းခေးတို့မှ မီးသတ်ကား ၁၀ စီးကျော် လာရောက်ငြိမ်းသတ်ခဲ့ရသည်ဟု သိရသည် ။

မီးလောင်ကျွမ်းမှုအရင်းအမြစ်မသိရသေးကြောင်း၊ လောင်ကျွမ်းပြာကျမှုအား ရှင်းလင်းရန်အချိန် ၁၅ ရက်ခန့်ယူရမည်ဖြစ်ကြောင်း ပါတီဝင်အကြီးအကဲများကပြောဆိုနေကြပါသည် ။

No comments: