Friday, November 4, 2016

အေအေမှ ကိုထွန်းထွန်းနိုင်ကို ရသေ့တောင်တွင် ဒုတိယအကြိမ် ရုံးထုတ်

ဖြူနှင်းဝေ (စစ်တွေ)


ရက္ခိုင့်တပ်မတော် (AA) မှ ကိုထွန်းထွန်းနိုင်အား နိုဝင်ဘာလ ၂ ရက် ယနေ့တွင် ရသေ့တောင်မြို့နယ် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်ဟု သိရသည်။

ကိုထွန်းထွန်းနိုင်အား မတရားအသင်းပုဒ်မ ၁၇(၁) နှင့် လက်နက်ကိုင်ပုဒ်မ ၁၉(စ) တို့ဖြင့် တရားစွဲဆိုထားသည်။

” တရားစွဲထားတာကတော့ ပုဒ်မ နှစ်ခုနဲ့စွဲထားတာပါ။ သူကို အောက်တိုဘာလ ၂၆ ရက်နေ့က ပထမ အကြိမ်ရုံးစစ်ဆေးတဲ့အခါ လက်နက်ပုဒ်မ ၁၉ (စ)နဲ့ တရားလိုတစ်ယောက်၊ သက်သေ တစ်ယောက်ကို စစ်ဆေးခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ တရားလိုပြ သက်သေတွေ မရောက်တဲ့ အတွက် မစစ်ဆေးဖြစ်ခဲ့ပါဘူး” ဟု ရှေ့နေ တင်နိုင်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

၎င်းပြင်သူက “ ပုဒ်မ ၁၇ (၁) ကိုတော့ မစစ်ဆေး ဖြစ်သေးပါဘူး။ အမှု မတရား အသင်း ပုဒ်မကတော့ အမြင့်ဆုံး ထောင်၂ နှစ်ကနေ ၅ နှစ် ထိ ပြစ်ဒဏ်ရှိပါတယ် ” ဟု ဆက်လက် ပြောဆိုသည်။

ယနေ့ တရားရုံးတွင် အမှုကို မစစ်ဆေးနိုင်ခဲ့သဖြင့် အောက်တိုဘာလ ၉ ရက်နေ့ကို ထပ်မံ ရုံးချိန်းပေးလိုက်သည်ဟု သိရသည်။

ကိုထွန်းထွန်းနိုင်ကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရသေ့တောင်မြို့နယ် လိုင်ဂွင်ကျေးရွာ အနီးတွင် လက်နက်ခဲယမ်းများဖြင့် မြန်မာစစ်တပ်မှ ဖမ်းဆီးခဲ့သည်ဟု လေ့လာသိရှိရသည်။

No comments: