Tuesday, November 22, 2016

တိုက်ပွဲ ပိုမိုပြင်းလာသဖြင့် ကွတ်ခိုင်တွင် ဈေး၊ ကျောင်း၊ ဘဏ်များ ပိတ်လိုက်ပြီဟုဆို

ဖနိဒါ

မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းတိုင်းရင်းသား မဟာမိတ်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး လုံခြုံရေး စိုးရိမ်ရသဖြင့် ကွတ်ခိုင်မြို့မဈေးနှင့် စာသင်ကျောင်းများ ပိတ်လိုက်ရသည်ဟု ကွတ်ခိုင်မြို့ခံများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်သွားလမ်း ကွတ်ခိုင်မြို့အနီးတွင် တိုက်ပွဲ ဖြစ်ပွားနေသဖြင့် လုံခြုံရေး အခြေအ နေစိုးရိမ်ရသဖြင့် ကျောင်းများနှင့် ဈေးကြီး၊ ဘဏ်ကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ကွတ်ခိုင် မြို့ခံ ဒေါ်အမိုင်က ပြောသည်။

“အခြေအနေက စိုးရိမ်ရလို့ ကျောင်းတွေ မူလတန်းကနေ အ.ထ.က၊ အ.လ.ကတွေ ပိတ်လိုက်ပြီ။ ၁၂ နာရီ နောက်ပိုင်း ပိတ်လိုက်တာ။ ဈေးလည်း တနေကုန်ဖွင့်တာ ဒီနေ့တော့ ပိတ်လိုက်ပြီ။ မူဆယ်သွားတဲ့လမ်း ကွတ်ခိုင်မြို့ပြင် မန်ဘန်ရွာလမ်းပေါ်မှာ တိုက်ပွဲဖြစ်ပွားနေလို့ ပိတ်လိုက်ကြတာ”ဟု ဒေါ်အမိုင်က ပြောသည်။

ကွတ်ခိုင် ရဲစခန်းအနီးရှိ ကွတ်ခိုင်မြို့ သာယာကုန်ရပ်ကွက် ဒေသခံတစ်ချို့လည်း ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေပြီး ဒေသခံများအကြား မြို့ပေါ် လက်နက်ကိုင်များ ဝင်လာမည်ဟု ကောလဟလသတင်းများ ထွက်ပေါ် နေသဖြင့် ဒေသခံများ စိုးရိမ်မှုများ ရှိနေသည်ဟု ကွတ်ခိုင်မြို့ခံ ဒေါ်လွမ်းညွယ်က ပြောသည်။

“ကျောင်း၊ ဈေးနဲ့ ဘဏ်တွေက ဒီနေ့စပိတ်သွားပြီ။ လက်နက်ကိုင်တပ်တွေ ဝင်လာမယ်လို့ သတင်းကြားလို့ ပိတ်လိုက် သတင်းက ကောလာဟလလား၊ ဘယ်လိုလုပ် သိလာကြလဲမသိဘူး။ ကွတ်ခိုင်အနီးတဝိုက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ရဲစခန်းနဲ့ နီးတဲ့ လူတွေက တိမ်းရှောင်သွားကြပြီ။ ကျမတို့က ဘယ်မှပြောင်းစ ရာမရှိ တော့ ဒီလိုဘဲ အားလုံးက ကြောက်ကြောက်နဲ့ နေနေကြတယ်” ဟု သူက ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်၍ ယနေ့ထိ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့ နယ်အတွင်း KIA၊ MNDAA၊ TNLA၊ AA စသည့် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူများ တရုတ်နိုင်ငံနှင့် မူဆယ်မြို့ပေါ်သို့ ဒုက္ခသည် ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့ပေါ်တွင်လည်း နေ့လည် ၁၂ နာရီကျော်ပါက အပြင်မထွက်ရဟု ကောလာဟလများ ထွက်ပေါ် နေသဖြင့် မြို့ခံများ ဈေး၊ ဆိုင်များ ပိတ်ထားရကြောင်းလည်း သိရသည်။

No comments: