Monday, November 7, 2016

ကျားဖြူပါတီဦးဆောင်ပြီး သျှမ်းပြည်တိုင်းရင်းသား နိုင်ငံရေးပါတီများအဖွဲ့ချုပ် ဖွဲ့စည်း

နန်းဆိုင်ဖူး


ကျားဖြူပါတီမှဦးဆောင်ပြီး သျှမ်းပြည်တိုင်းရင်းသား နိုင်ငံရေးပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရန်အတွက် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ နိုဝင်ဘာဟော်တယ်၌ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပပြုလုပ်ရာ LSSEP ကိုဖွဲ့စည်းရန်သဘောတူခဲ့ကြကြောင်း သိရသည် ။

အဆိုပါ သျှမ်းပြည်တိုင်းရင်းသား နိုင်ငံရေးပါတီများအဖွဲ့ချုပ် LSSEP ဖွဲ့စည်းရန် သျှမ်းပြည်တွင်း နိုင်ငံရေးပါတီ ၁၈ ပါတီ ရှိသည့်အနက် ၁၃ ပါတီပါဝင်ပြီး ယနေ့ကျင်းပသော ဒုတိယအကြိမ်အစည်းအဝေးသို့ သျှမ်းပြည်တွင်း နိုင်ငံရေး ပါတီ ၁၀ ပါတီသာ တက်ရောက်ကြောင်း သျှမ်းပြည်တိုင်းရင်းသား နိုင်ငံရေးပါတီအဖွဲ့ချုပ်၏ ဖြစ်မြောက်ရေး အကျိုးဆောင် ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်း ကပြောသည် ။

“ သျှမ်းပြည်တွင်း နိုင်ငံရေးပါတီ ၁၈ ပါတီရှိတယ်။ ဒါပေမယ့် ကျနော်တို့ အစည်းအဝေး နှစ်ကြိမ် ပြုလုပ်တယ် နှစ်ကြိမ် စလုံးက အဲ့ ၅ ပါတီ မတက်ရောက်ဘူး။ ဒါကြောင့် ၁၃ ပါတီ ဘဲပါဝင်တယ်။ အဲ့ ၅ ပါတီလည်း ဘယ်ချိန်ဖြစ်ဖြစ် ဒီအဖွဲ့ချုပ်ထဲကို ဝင်နိုင်တယ်” ဟု ၄င်းကပြောသည် ။

သျှမ်းပြည်တိုင်းရင်းသား နိုင်ငံရေးပါတီများ အဖွဲ့ချုပ် ဖွဲ့စည်းပြီးလျှင် လာမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေး နွေးပွဲ နှင့် ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံ ပြုလုပ်လျှင် သျှမ်းပြည်တွင်း တိုင်းရင်းသား နိုင်ငံရေးပါတီများ စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ကြောင်း စိုင်းအိုက်ပေါင်း ကပြောသည် ။

“ ဒီအဖွဲ့ချုပ် ဖွဲ့စည်းပြီးရင် ပထမဆုံး ဒီ လကုန်ရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရှိလာမယ်၊ဒီလို နိုင်ငံရေးဆွေးနွေးနေချိန်မှာ ကျနော်တို့ စည်းလုံးမှုရှိရမယ်၊ကျနော်တို့ အချင်းချင်း အရင်ညှိနှိုင်းရမှာပေါ့ ။ အမျိုးသားအဆင့်ပြီးရင် ဖေဖော်ဝါရီလကျရင် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ နေပြည်တော်မှာ ရှိလာမယ်။ အဲ့ဒါလည်း ကျနော်တို့ သျှမ်းပြည်အတွက် အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် ကျနော်တို့ အချင်းချင်း အရင်ဆွေးနွေးရမယ်။ အမျိုးသားအဆင့်လည်း အရေးကြီးတယ်၊ လွှတ်တော်ကိုယ်စားလှယ်၊ စစ်တပ် ၊ အစိုးရလည်း ပါရမယ်။ ပြီးတော့ ပါတီလည်းပါရမယ်။ လူမှုအဖွဲ့အစည်းတွေလည်း ပါရမယ်။ ဒါကြောင့် သျှမ်းပြည်က အရမ်းအရေးကြီးတယ်။ ပြီးတော့ တိုင်းရင်းသားပါတီလည်းများတယ်။ ဒါကြောင့် ဒီ အဖွဲ့ချုပ်ကို ဖွဲ့ချင်တာ စည်းလုံးညီညွတ်မှု ရှိရမယ်။ ဘာကြောင့်လည်းဆို ဖက်ဒရယ်ဒီမိုကရေစီသွားချင်ရင် တစ်သွေးတည်း တစ်သံတည်းသွားမှ အခြေခံဥပဒေတွေ ပြင်နိုင်မယ်”ဟု ၄င်းကပြောသည် ။

ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ ဥက္ကဌ ဦးထွန်းနိုင် မှ သျှမ်းပြည်နယ်အရေး ဖော်ဆောင်နေသည့် အဖွဲ့ချုပ်၏ ရည်မှန်းချက် နှင့် ရည်ရွယ်ချက်တို့ကို သိရှိခွင့်ရပြီး ကိုးကန့် တိုင်းရင်းသားအနေနှင့် တာဝန်ရှိကြောင်းပြောသည် ။

“ သျှမ်းပြည်အရေးဖော်ဆောင်နေတဲ့ အဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက် လေးသိရတော့ ကျနော်တို့ ကိုးကန့်ကလည်း သျှမ်းပြည်မှာ နေထိုင်တဲ့ တိုင်းရင်းသားများ သျှမ်းမျိုးနွယ်မှာပါဝင်နေတဲ့ အတွက်ကြောင့် မိမိ ကိုယ်ကိုလည်း တာဝန်ရှိတယ်လို့ခံစားရတယ်။ အဲ့ကြောင့် တိုင်းပြည်အရေး ဖြစ်စေ၊ ပြည်နယ်အရေးဖြစ်စေ တစ်ဦးတစ်ယောက်အနေနဲ့ အဖွဲ့အစည်း တစ်ဖွဲ့အနေနဲ့ ပြုလုပ်ရင် အောင်မြင်မှု နည်းပါတယ်။ အားလုံး စုစုစည်းစည်း အကောင်ထည် ဖော်မယ်ဆိုရင်တော့ ပိုပြီးတော့ အောင်မြင်ပါတယ်” ဟု ၄င်းကပြောသည် ။

ပထမအကြိမ် သျှမ်းပြည်တိုင်းရင်းသား နိုင်ငံရေးပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရန်အတွက် အစည်းအဝေးကို မေလ ၂၉ ရက် ၂၀၁၆ တွင် ရန်ကုန်မြို့ Orchid Hotel တွင်ပြုလုပ်ခဲ့ပါသည်။ ထိုစဉ်က သျှမ်းပြည်တွင်း နိုင်ငံရေးပါတီ ၁၃ ခု တက်ရောက်ခဲ့သည်။ ယခုအစည်းအဝေးမှာ ဒုတိယအကြိမ် အစည်းအဝေးဖြစ်ပြီး တောင်ကြီးမြို့ နိုဝင်ဘာ ဟိုတယ်တွင် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက် ၂ ရက်သာ ကျင်းပပြုလုပ်ရာ သျှမ်းပြည်တွင်း နိုင်ငံရေးပါတီ ၁၀ ပါတီ တက်ရောက်ကြောင်း သိရသည် ။

No comments: