Friday, November 4, 2016

ကုလနှင့် နိုင်ငံခြားသံအဖွဲ့ မောင်တောသို့ နေ့ချင်းပြန် ရဟတ်ယာဉ်များဖြင့် သွားရောက်

စံမောင်သန်း၊ စစ်တွေ


ကုလ သမဂ္ဂ တာဝန်ရှိသူများနှင့် နိုင်ငံတကာ သံတမန်များသည် ယနေ့တွင် စစ်ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ မောင်တောမြို့သို့ နေ့ချင်းပြန် သွားရောက်ခဲ့ကြသည်ဟု သတင်းရရှိသည်။

သူတို့၏ မောင်တောမြို့နယ်သို့ သွားရောက်သည့် ရည်ရွယ်ချက်မှာ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် စခန်းများကို အကြမ်းဖက်သမားများ စီးနင်းတိုက်ခိုက် ခံရပြီးနောက် တပ်မတော်က ပြုလုပ်သော နယ်မြေရှင်း စစ်ဆင်ရေးများ အတွင်း ဘင်္ဂလီများ အရပ်သားများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိသည်ဆိုသော စွပ်စွဲချက်များ ထွက်ပေါ်လာသဖြင့် မောင်တောဒေသ၏ အခြေအနေကို လာရောက် လေ့လာ စစ်ဆေးလို၍ ဖြစ်ကြောင်း အမည်မဖော်လိုသူ ပြည်နယ် အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မောင်တောမြို့နယ်ရှိ ကြက်ရိုးပြင်၊ ပြောင်ပစ်နှင့် ၀ါးပိတ်စသည့် ရွာသုံးရွာ၏ အောက်တိုဘာလ ၂၂ ရက်နေ့က မီးလုံလောင်နေမှု ပုံကို ဂြိုဟ်တုမှယူပြီး ကျေးရွာများမီးရှို့ခံရမှု၊ မတရားသတ်ဖြတ်ခံရမှု၊ ဘင်္ဂလီအမျိုးသမီးများ အဓမ္မပြုကျင့်ခံမှုရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က စွပ်ခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာသို့ နိုင်ငံတကာ အဖွဲ့စည်းများကို သွားရောက် စုံစမ်းခွင့်ပြုရန် အောက်တိုဘာလ ၃၁ ရက်နေ့က တောင်းဆိုခဲ့ပြီးနောက်ပိုင်း ယခု ခရီးစဉ် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။

ယနေ့ မောင်တောသို့ သွားရောက်ခဲ့သူများ အထဲတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata ၊ အမေရိကန် ၊ ဗြိတိန်၊ အီးယူ၊ အိန္ဒိယ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ တရုတ်၊ တူရကီ စသည့်နိုင်ငံ ၈ နိုင်ငံမှ သံအမတ်ကြီးများအတူ ပြည်ထောင်စု ဒုဝန်ကြီးတစ်ချို့၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပုနှင့် ၀န်ကြီးတစ်ချို့လည်း အတူ လိုက်ပါသွားခဲ့သည်ဟု သိရသည်။

၎င်းကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မှ စစ်တွေမြို့ လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး၊ နံနက် ၉ နာရီ ၃၀ တွင် စစ်တွေမြို့မှ မောင်တောမြို့သို့ ရဟတ်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာသွားခဲ့သည်။ ယနေ ၄ နာရီခွဲခန့်တွင် မောင်တောမြို့မှ စစ်တွေသို့ပြန်လည် ရောက်ရှိလာခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata နှင့် သံအမတ်အဖွဲ့သည် ယနေ့တွင် ကျီးကန်းပြင် နယ်ခြားစောင့်ရဲကွပ်ကဲရေးဌာချုပ်အပြင် ဝါးပိတ်၊ ကျီးကန်ပြင် စသည့် ကျေးရွာများကို သွားရောက်ခဲ့ကြသည်ဟု မြေပြင် သတင်းအရ သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင်လည်း စစ်တွေမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် မောင်တောမြို့နယ် အလယ်သံကျော်၊ ကိုင်းကြီး၊ ဇော်မတက်နှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာများကို ဆက်လက်သွားရောက်ကြမည်ဟု ဆိုသည်။

No comments: