Monday, November 21, 2016

သိန္နီမြို့အဝင် နမ္မတူ တံတားမှာ ဗုံးပေါက်ကွဲ ၃ ဦးဒဏ်ရာရ

ဟွမ်ဟိန်း


သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့အဝင်နမ္မတူချောင်းတံတားမှာ ဗုံးပေါက်ကွဲလို့ လမ်းသွားလမ်းလာ ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ် ။

နိုဝင်ဘာလ ၂၀ ရက် မနက်ပိုင်း ၁၀ နာရီခွဲလောက်မှာ ဗုံးပေါက်ကွဲခဲ့တာပါ ။ SHN – 9F – 6481 နံပါတ်တပ်ထားတဲ့ ပါဂျဲရိုကားတစီးဟာ သိန္နီမြို့ဘက်ကနေ ဝိန်းဆန်း (လားရှိုးဘက်အဆင်းလမ်း) ဘက်ကိုဆင်းလာပြီး နမ္မတူတံတားအရောက်မှာ ကားရပ်ဆိုင်းထားပြီး ကားဆရာကတော့ တိမ်းရှောင်သွားခဲ့ပါတယ်။ အဲဒီကားကနေ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ် ။

ဗုံးပေါက်ကွဲတဲ့ နေရာဟာ သိန္နီအခြေစိုက် စကခ ၁၆ နဲ့ တမိုင်လောက်ဘဲဝေးတယ် လို့လည်းသိရပါတယ် ။

သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခင်ထားရီကတော့ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ပြောပါတယ ။

“ လမ်းသွားလမ်းလာ ၃ ယောက်ထိမိဒဏ်ရာရရှိခဲ့ပါတယ်။ အခုသိန္နီဆေးရုံမှာပါ။ စိုင်းထွန်းအေး ဆိုသူတယောက်၊ မြန်မာ့ဩဘာစိုက်ပျိုးရေးက စိုင်းမာန်အောင် နဲ့ နောက်တယောက် တော့နာမည် မသိရသေးဘူး။ လက်သည်ဘယ်သူလဲ ဘယ်အဖွဲ့လဲဆိုတာလည်း မသိရသေးဘူး။ ကျမတို့ အစည်းအဝေး ထိုင်နေတယ်အခု။” လို့ ဆိုပါတယ် ။

ဗုံးပေါက်ကွဲမှုကြောင့် တံတားပေါက်သွားပြီး တံတားဘောင်တွေထိခိုက်ပျက်စီးခဲ့ပါတယ်။ လားရှိုး- သိန္နီ- မူစယ်လမ်းလည်း နေ့တဝက်လောက် ပိတ်ထားခဲ့ပါတယ်။ ညနေပိုင်းမှာ လမ်းပြန်ဖွင့်ပေးပြီဆိုပေမယ့် လုံခြုံရေးကတော့ ပိုမိုတင်းကျပ်နေတယ်လို့လည်း သိန္နီက ကားသမား စိုင်းအိုက်ဆိုင်က ပြောပါတယ် ။

ယနေ့မနက်ပိုင်းက မူစယ် ၁၀၅ မိုင်မှာဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ဆက်နွယ်မယ်လို့ ထင်ရကြောင်း လည်း မူစယ်မြို့က စိုင်းစိန် ကပြောပါတယ် ။

သိန္နီမြို့နယ်မှာ အစိုးရတပ်မတော်အပြင် အမှတ် ၁၆ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် နဲ့ ပြည်သူ့ရဲ တပ်ဖွဲ့တွေရှိပါပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ထဲကတော့ ကိုးကန့် ၊ တအာင်း၊ သျှမ်းပြည် တပ်မတော် RCSS/SSA နဲ့ SSPP/SSA တို့လည်းရှိပါတယ်။ အခုနောက်ပိုင်း သိပ်မကြာသေးခင်က ကချင်တပ်နဲ့လိုက်လာတဲ့ ရခိုင့်တပ်မတော်တို့လည်း ရောက်ရှိလှုပ်ရှားနေတယ် လို့သိရပါတယ် ။

No comments: