Monday, November 7, 2016

ကျောက်တံတားမြို့နယ်တွင် ဗြိတိန်နိုင်ငံသားတစ်ဦး အသတ်ခံရ

စိုးသူအောင်

ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ၃၉ လမ်း (အလယ်ဘလောက်) ရှိ တိုက်ခန်းတစ်ခုတွင် ဗြိတိန်နိုင်ငံသားဖြစ်သူ Mr. Peter Gary Ferguson ဆိုသူ၏ အလောင်းကို ယနေ့ (နိုဝင်ဘာ ၆ရက်) နံနက်ပိုင်းတွင် တွေ့ရှိရကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းမှသိရသည်။

Mr. Peter Gary Ferguson သည် နိုဝင်ဘာ ၄ ရက်က သေဆုံးခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာ ၎င်း၏သူငယ်ချင်း Mr Harris John Italo Binotti ၏ နေအိမ်သို့သွားရောက်ခဲ့ပြီးနောက် နှစ်ယောက် ရန်ဖြစ်ရာမှ အသတ်ခံရခြင်းဖြစ်ကြောင်း Mr. Peter Gary Ferguson၏ အမျိုးသမီးက ပြောသည်။

Mr. Peter ၏ အမျိုးသမီးက နိုဝင်ဘာ ၆ရက် နံနက်ပိုင်းတွင် အခင်းဖြစ်ရာ ကျောက်တံတားမြို့နယ် ၃၉ လမ်း သို့ရောက်ရှိလာပြီး ၎င်း၏ ခင်ပွန်းဖြစ်သူမှာ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ကျောက်တံတားရဲစခန်းတွင် လာရောက်တိုင်တန်းခဲ့ကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းအချက်အလက်များအရ သိရသည်။

“ဒီမှာ ကျွန်တော်တို့ အစီရင်ခံစာတွေတော့လုပ်နေတယ်။ စီစစ်နေတယ်ခင်ဗျ။ တိတိကျကျတော့မသိရသေးဘူး ဖြစ်တာကတော့ အကျဉ်းချုပ်ပြောရလို့ရှိရင် သူတို့အချင်းချင်းဖြစ်တာပါ ဒီလောက်ပဲသိရသေးတယ်" ဟုကျောင်တံတားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ်ရဲစခန်းတွင် (ပ) ၂၄၅/ ၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

သေဆုံးသူ အသက် ၄၇ အရွယ် Mr. Peter Gary Ferguson သည် သာကေတမြို့နယ်ရှိ မြခွာညိုအိမ်ယာတွင် နေထိုင်သူဖြစ်ပြီး Horizon International School မှဖြစ်ကြောင်းသိရသည်။

No comments: