Friday, November 18, 2016

ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို အဂတိလိုက်စားမှုဖြင့် ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေး

အောင်ကိုဦး

ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်တို့ကို အဂတိ လိုက်စားမှုဖြင့် မန္တလေးတိုင်းဒေသကြီး တရားရုံးတွင် နိုဝင်ဘာလ ၁၇ ရက်၊ မွန်းလွဲပိုင်းက ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

ယနေ့ (နိုဝင်ဘာ ၁၇ရက်) ရုံးထုတ်တွင် တရားလိုဖြစ်သည့် အဂတိတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်ကို စတင်စစ်ဆေးနေခြင်းဖြစ်သည်။

"ဘာမှတော့ ပြောလို့မရပါဘူး။ ဒီနေ့အစစ်ခံတာပါ။ သက်သေတွေကိုလည်း ပြောလို့မရပါဘူး။ သူတို့ကို လျှို့ဝှက်ထားရပါမယ်။"ဟု ဦးကောင်းဇော်သန့်က မဇ္ဈိမကိုပြောသည်။

ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ မန်ကျည်းအင်းကျေးရွာသစ်ကို ပြည်ထဲရေး အမည်ပေါက် ရွာမြေတိုးချဲ့ သတ်မှတ် ပေးနိုင်ရန်အတွက် ဒေသခံများနှင့် လုပ်ငန်းရှင်တစ်ချို့ထံက ငွေကြေးများ တောင်းယူခဲ့သည်ဟုဆိုကာ အဂတိ တိုက်ဖျက်ရေး ကော်မရှင်မှ ပြင်ဦးလွင်မြို့နယ်ရဲတပ်ဖွဲ့သို့တိုင်ကြားခဲ့သောကြောင့် ၂၀၁၆၊ အောက်တိုဘာလ ၂၉ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးကို (ပ)၂၂၀/၂၀၁၆၊ ၂၀၁၃ ခုနှစ် အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ (ပ)၂၁၉/၂၀၁၆၊ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်အား (ပ)၂၂၂/၂၀၁၆၊ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ အကြီးတန်းစာရေး ဦးအောင်စိုးမိုးအား(ပ)၂၂၄/၂၀၁၆၊ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇၊ (ပ)၂၂၃/၂၀၁၆၊ ပုဒ်မ ၅၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားသည်။

မန္တလေးတိုင်းဒေသကြီး၊ တရားလွှတ်တော် တရားရေးဦးစီးမှူး ဦးမြင့်စိုးက "တရားလိုပြသက်သေတွေ ဆက်လက်စစ်ဆေးသွားမှာပါ။အခုချိန်ပြောဖို့တော့ စောသေးတယ်။"ဟု ပြောသည်။

နိုဝင်ဘာလ ၂၉ ရက်တွင် တတိယအကြိမ်ရုံးထုတ်၍ တရားလိုပြ သက်သေများကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments: