Saturday, November 5, 2016

ရွှေလီမြစ်ရိုးတလျှောက် တရားမဝင် သစ်ဖောင်များ ငွေကျပ် သိန်း ၃၀၀ ကျော်ဖိုးခန့် ဖမ်းမိ

သီဟဆွေ(ကသာ)


ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ် ရွှေလီမြစ်အတွင်းမှာ တရားမဝင် သစ်ဖောင်တွေကို နိုဝင်ဘာလ ၂ ရက်နေ့ မှ ၄ ရက်နေ့အထိ ဆက်တိုက် ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဌာနက ပြောပါတယ်။

ရွှေလီမြစ်အတွင်းမှ မန္တလေးဘက်ကို စုန်မျှောမယ့် တရားမဝင် သစ်ဖောင်တွေကို ကသာခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်ပြီး သစ်တောနဲ့ ရဲ ပူးပေါင်းအဖွဲ့က ကွင်းချောင်းနဲ့ မိုးလုံးဒေသ မယ်ငိုကျေးရွာနဲ့ တက်တူရွာအကြားမှာ ဖမ်းမိခဲ့တာလို့ ပြောပါတယ်။

တရားမဝင် သစ်ဖောင် ၉ ဖောင်၊ သစ်လုံးရေ ၄၂၃ လုံး၊ ကျွန်းခွဲသား ၆၁ ချောင်း စုစုပေါင်း သစ်တန် ၈၇.၆၆၆၂ တန် ကာလတန်ဖိုး ငွေကျပ် သိန်း ၃၀၀ ကျော်ဖိုးခန့် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ဝါးဖောင်တွေပါပဲ။ ဖွင့်ဖောက်ပြီးကြည့်မှ ဝါးဖောင်တွေထဲမှာ သစ်လုံးတွေ ဝှက်ပြီး သယ်ယူလာတာကို တွေ့ရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ကိုင်းတိုင်း နယ်စပ်ကတဆင့် ဧရာဝတီမြစ်ကြောင်းမှ မန္တလေးဘက်ကို သယ်ယူမယ်လို့ သိရပါတယ်” လို့ ကသာခရိုင် သစ်တောဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

အခုလို တရားမဝင် သစ်တွေ သယ်ဆောင်လာတာနဲ့ ပတ်သက်လို့ သစ်ပိုင်ရှင် ဦးညွန့်ဝင်းကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု ဥပဒေပုဒ်မ ၆/(၁) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ကသာခရိုင် သစ်တောဦးစီးဌာနက ပြောပါတယ်။

No comments: