Wednesday, November 23, 2016

ခရီးရှည်ချီတက်သည့်အဖွဲ့ ပုဏ္ဏားကျွန်းတွင် ဟောပြောပွဲပြုလုပ်စဉ် လျှပ်စစ်မီးပြတ်တောက်၍ ဝေဖန်မှုများထွက်ပေါ်

မာန်ယုကျော် (ရွှေဝမြေ)


ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သဘာဝသယံဇာတများကို ကိုယ်တိုင်ခွဲဝေသုံးစွဲခွင့်ရရှိရေးအတွက် လမ်းလျှောက် ခရီးရှည် ချီတက်လာသည့်အဖွဲ့ ပုဏ္ဏားကျွန်းတွင် ဟောပြောပွဲပြုလုပ်နေစဉ် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့သဖြင့် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။

နိုဝင်ဘာလ ၂၁ ရက် နံနက်မှ စစ်တွေမှ ကျောက်ဖြူသို့ စတင် ထွက်ခွာလာခဲ့သော ခရီးရှည် ချီတက်သူများ ပုဏ္ဍားကျွန်းမြို့သို့ ရောက်ရှိပြီး ညနေ ၇ နာရီ အချိန်၌ မြို့ပေါ်ရှိ လောက မာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးရင်ပြင်တွင် ဟောပြောပွဲ ပြုလုပ်စဉ် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့သည်။

“ဒါက အစိုးရရဲ့ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်တို့ကို နှောင့်ယှက်တာ၊ ဖျက်လိုဖျက်ဆီး လုပ်တာလို့ ကျွန်တော်တို့သုံးသပ်မိပါတယ် ”ဟု လမ်းလျှောက်သည့်အဖွဲ့တွင်ပါဝင်သည့် ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်အဖွဲ့ဝင် ကိုခိုင်ကိုဝင်းက နိရဉ္စရာသို့ ပြောသည်။

ယင်းသို့ဟောပြောနေစဉ် လျှပ်စစ်မီးမှာ ယင်းနေ့ ည ၈ နာရီမှစတင်ပြတ်တောက်သွားခဲ့ပြီး ည ၁၀ နာရီ ဟောပြောပွဲပြီးမှ မီးပြန်လာသည်ဟု ဆိုသည်။

“ရခိုင်ပြည်နယ်အစိုးရကဖမ်းဆီးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ခိုင်မျိုးထွန်း လွတ်မြောက်ရေးအတွက် ပြီးခဲ့တဲ့ လပိုင်းလောက်ကလည်း ဒီဘုရားရင်ပြင်မှာဟောပြောနေစဉ်မှာ အခုလို မီးပြတ်ခဲ့တယ်”ဟုလည်း ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ဆိုသည်။

လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပေါ်ခဲ့သော်လည်း ဟောပြောပွဲ အစီအစဉ်ကို ရုပ်သိမ်းခြင်းမရှိခဲ့ဘဲ ဆီမီးတိုင်များထွန်းညှိကာ ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ယခုကဲ့သို့ လျှပ်စစ်မီးပြတ်တောက်ခဲ့မှုကြောင့် လမ်းလျှောက်ချီတက်သည့်အဖွဲ့အပါအဝင် မြို့ခံများက အစိုးရနှင့် လျှပ်စစ်ဌာနတို့ကို တမင်လုပ်သည်ဟုဆိုကာ ပြစ်တင်ဝေဖန်ခဲ့ကြပြီး သက်ဆိုင်ရာ အထက်အာဏာပိုင်များ အနေဖြင့် တိုက်တိုက်ဆိုင်ဆိုင် လျှပ်စစ်မီး ပြတ်တောက်သွားခြင်း အပေါ် စိစစ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ရခိုင့်သယံဇာတကို ကိုယ်တိုင်ခွဲဝေသုံးစွဲပိုင်ခွင့်ရရှိရေးအတွက် မိုင်ပေါင်း ၃ဝဝ ကျော်ဝေးကွာသည့် စစ်တွေမှ ကျောက်ဖြူသို့ လမ်းလျှောက်ချီတက်လာသည့်အဆိုပါအဖွဲ့သည် ယနေ့ ညတွင် ပုဏ္ဍားကျွန်းတွင် တစ်ည ရပ်နားပြီး နိုဝင်ဘာ ၂၂ ရက်နေ့တွင် ပုဏ္ဏားကျွန်းမှ ကျောက်တော်မြို့သို့ ဆက်လက် ချီတက်ကြမည်ဟုသိရသည်။

No comments: