Tuesday, November 22, 2016

သျှမ်း၊ မြောက်တိုက်ပွဲကြောင့် စစ်ဘေးရှောင် ထောင်ချီ မူစယ်တွင်ရောက်ရှိ၊ ပစ်ခတ်သံများဆက်လက်ဖြစ်ပွါး လူထုကြောက်ရွံ့စိုးရိမ်

နန်းဆိုင်ဖူး


သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် နိုဝင်ဘာလ ၂၁ ရက်ညဦးပိုင်းအချိန်က မူစယ်ရဲစခန်းအနီးပစ်ခတ်သံများဆက်တိုက်ကြားရသဖြင့် ဒေသခံလူထု ကြောက်လှန့်နေကြကြောင်းသိရသည် ။

“ပစ်ခတ်သံက ၂၅ ချက်လောက်ဆက်တိုက်ကြားရတယ်။ သေနတ်သံရော လက်နက်ကြီးသံရောဘဲ။ ခုတော့မူစယ်မြို့က မြို့ပျက်ကြီးလိုဘဲ ဆိတ်ညိမ်လို့ ။ ဘာဖြစ်တာလဲတော့အသေအချာမသိသေးဘူး။ကြောက်လှန့်ကြလို့ မီးတောင်မှမထွန်းရဲဘူးဖြစ်နေတယ် “- ဟု မူစယ်မြို့ခံ စိုင်းအိုက် ကပြောသည် ။

မည်သည့်အဖွဲ့က ၀င်ရောက်ပစ်ခတ်သည်ကိုတော့မသိရသေးပေ ။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ ပစ်ခတ်ခံရမှုကြောင့် လူတဦးသေဆုံးသည်ဟုဆိုပါသည် ။

“မီးပွိုင့်နား လေယာဉ်ကွင်းနားတဲ့ ကားလေးကွင်းစောင့်တဲ့လူ တဲ့ သိန်းသန်းချီ က လို့ကြားရတယ် ” – ဟုလည်း စိုင်းအိုက် ကပြောသည် ။

တဖက်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ၁၀၅ မိုင် (ကုန်သွယ်ရေးဇုန်) ၌ ယမန်နေ့တိုင်းရင်းသားမဟာမိတ်တပ်ပေါင်းစုနှင့် မြန်မာ့တပ်မတော် ၊ ရဲတပ်ဖွဲ့တို့ကြားဖြစ်ပွါးသော ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ပြေးရှောင်ဒုက္ခသည် ၂၆၀၀ ကျော်မှာ မူစယ်မြို့တွင်း ဘုန်းကြီးကျောင်းများသို့ ရောက်ရှိခိုလှုံနေသည်ဟုသိရသည် ။

၎င်းနှင့်ပတ်သက်ပြီး စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က – “သျှမ်းပြည်နယ် အစိုးရအနေနဲ့ ဆန်အိတ် သုံးရာနဲ့ ခေါက်ဆွဲခြောက်အဖာ ငါးရာကို မူစယ် ဘုန်းကြီးကျောင်း ပို့ဆောင်ထားပါတယ်၊ မူစယ်မှာ စစ်ပြေးရှောင် ၂၆၃၆ ယောက်ရှိတယ်လို့ သတင်းပို့ထား ပါတယ်။ဘုန်ကြီးကျောင်းတွေမှာ ထားရှိပြီးတော့ အလှူရှင်တွေ နဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွေ ချက်ပြုတ်ကျွေးနေပါတယ်” ဟု ၄င်းက သျှမ်းသံတော်ဆင့် သတင်းဌာနကိုပြောသည် ။

မူစယ်မြို့နယ်ရောက် စစ်ပြေးဒုက္ခသည်များကို မူစယ်မြို့ပေါ်ရှိ ရပ်ကွက်သူ/သားများ၊ ပရဟိတအဖွဲ့များ၊ လူငယ်အဖွဲ့များကလည်း အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများကို ကူညီပေးသည်ဟု မူစယ်လူငယ်များက ပြောသည် ။

မူစယ်မြို့နယ်တွင် စစ်ပြေးဒုက္ခသည် လေးနေရာ ထားရှိရာ ဇေတဝန်ေ ကျာင်း(မဟာစည်) တွင် ဒုက္ခ သည် ၁၀၀၀ ကျော်၊ မဟာဝန်ကျောင်း တွင် ရ၀၀ ခန့်၊ နမ့်ခုမ်ကျောင်းတွင် ဒုက္ခသည် ရ၀၀ ခန့် နှင့် စွန်စော်ရပ်ကွက် ဝမ်ဆာဘုန်းကြီးကျောင်းတွင် ဒုက္ခသည် ၆၀၀ ကျော်ရှိပြီး အများစု တအောင်း(ပလောင်) လူမျိုးများဖြစ်ကြောင်း သိရသည် ။

“စစ်ပြေးဒုက္ခသည် တွေထဲမှာ အောက်ပြည်ကနေ အလုပ်လာလုပ်တဲ့ ဗမာေ တွဖြစ်တယ်။နောက် ပလောင်တွေလည်းပါတယ်၊ ၁၀၅ မိုင် ကဒေသခံေ တွတော့ ထွက်ပြေးပေမယ့် ဒုက္ခသည် စခန်းမှာ လာမနေကြ ဘူး၊သူ တို့အမျိုးအိမ်တွေမှာဘဲ သွားနေကြတယ်”ဟု မူစယ်ဒေသခံလူငယ် စိုင်းရီ ကပြောသည် ။

၂၀၁၆ နိုဝင်ဘာ ၂၀ ရက်နေ့က မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ၌ မြန် မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု မှ ၁၀၅ မိုင်ကုန်သွယ်ရေး တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး တပ်မတော်သား ၁ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့စစ် ၁ ဦး နှင့် အရပ်သား ပြည်သူ ၄ ဦး စုစုပေါင်း ၉ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာ ရရှိကြောင်းသျှမ်းပြည်နယ် စီမံကိန်း နှင့် စီပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် ကပြောသည် ။

No comments: