Friday, November 4, 2016

တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ရခိုင်ရဲမှုထမ်းများ ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ပြီ

နိရဉ္စရာ၊


တိုင်းနှင့် ပြည်နယ် အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ရခိုင်အမျိုးသားများ ရဲအမှုထမ်းများ အနေဖြင့် ရခိုင်ပြည်နယ် သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်လိုပါက ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခွင့်ရရန် စီစဉ်ထားပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်က အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်းက နိရဉ္စရာသို့ပြောကြားသည်။

“ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ရောက်ရှိတာဝန်ထမ်းဆောင်လိုတဲ့ ရခိုင် တိုင်းရင်းသား ရဲမှုထမ်းတွေ အနေနဲ့ ကိုယ့်ရခိုင်ပြည်နယ်ကို လာပြီး ပြောင်းရွှေ့ တာဝန်ထမ်းဆောင်လိုတယ်ဆိုရင် ပြောင်းရွှေ့ တာဝန် ထမ်းဆောင် နိုင်ပါပြီ။ ဒါကိုလည်း သက်ဆိုင်ရာက အစီအစဉ်ချမှတ် လုပ်ဆောင်ထားပါပြီ” ဟု ၀န်ကြီး ဦးမင်းအောင်က ပြောသည်။

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်တွင် ဒေသန္တရ ရဲတပ်ဖွဲ့ ၂၀၀ ခန့်အပ်မည့် ကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာက မေးမြန်းစဉ် ၀န်ကြီး ဦးမင်းအောင်က တိုင်းနဲ့ ပြည်နယ် အသီးသီးရှိ လက်ရှိ တာဝန်ထမ်းဆောင်နေကြသော ရခိုင်ရဲမှုထမ်းများ ရခိုင်ပြည်နယ်သို့ လာရောက် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နိုင်ပြီ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။

“ ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် အတွင်း တရား ဥပဒေစိုးမိုးရေးနဲ့ ဒေသ လုံခြုံရေး အတွက် ဒေသန္တရ ရဲတပ်ဖွဲ့ဝင် ၂၀၀ ခေါ်ယူထားပြီ။ အခုအချိန်က စပြီး လျှောက်ထားနိုင်ပါပြီ။ လျှောက်ထားသူတွေလည်း ရှိနေပါပြီ။ ရခိုင်ပြည်နယ် ပြင်ပကို ရောက်နေတဲ့ ရခိုင်တိုင်းရင်းသား ရဲအမှုထမ်းတွေလည်း ကိုယ်ပြည်နယ်ကို ပြန်လာပြီး တာဝန် ထမ်းဆောင်လို့ ရပါပြီ” ဟု ၀န်ကြီးက ဆိုသည်။

ပထမ အသုတ် လူ အယောက် ၁၀၀ သင်တန်းပေးသွားမည် ဖြစ်ပြီး သင်တန်း ကာလမှာ ၆ လ ဖြစ်ကာ သင်တန်းနေရာမှာ စစ်တွေမြို့နှင့် ကျီးကန်းပြင် နယ်ခြား စောင့် ဌာနချုပ်တို့ကို သတ်မှတ်ထားသည်ဟု သိရသည်။

ဒေသန္တရ ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လိုသူများသည် အခြေခံ မူလတန်းအဆင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ သတ်မှတ်ထားပြီး မိမိရပ်ရွာ၊ မိမိဒေသကို ကာကွယ် လိုသူများ အနေဖြင့် အမြန်လျှောက်ထားနိုင်သည်ဟု ဆိုသည်။

သင်တင်းပြီးပါက မောင်တောမြို့နယ် အတွင်း အသစ်တိုးချဲ့မည့် ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်နိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

No comments: