Saturday, November 19, 2016

မောင်တောမြို့နယ် ရခိုင်ဒေသခံများကို ကူညီရန် ရခိုင်လူငယ် ၂ ဦး ပေါက်တောမြို့မှ နေပြည်တော်အထိ စက်ဘီးစီးပြီး ရန်ပုံငွေရှာဖွေမည်

မာန်ယုကျော် (ရွှေဝမြေ)


ရခိုင်ပြည်နယ် ပေါက်တောမြို့မှ လူငယ် ၂ ဦးသည် အကြမ်းဖက်မှုများ ဖြစ်ပွားနေ၍ လုပ်ကိုင် စားသောက်ရန် အခက်အခဲရှိနေသော မောင်တောဒေသခံ ရခိုင် တိုင်းရင်းသားများ အတွက် အကူအညီများ တတ်နိုင်သလောက် ရန်ပုံငွေ စုဆောင်း ပေးအပ် နိုင်ရန် ရည်ရွယ်ပြီး ပေါက်တောမြို့မှ နေပြည်တော်ထိ စက်ဘီးစီး လူပ်ရှားမှု တစ်ခုကို ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

၎င်းစက်ဘီးစီးပြီး လူပ်ရှားမှု ပြုလုပ်မည့် လူငယ်နှစ်ဦးမှာ ပေါက်တောမြို့ပေါ်မှ ကိုကျော်မြင့်ဌေး (၂၂) နှစ်နှင့် ကိုခိုင်ဘိုဘို (၂၁) နှစ်တို့ဖြစ်ကြပြီး သူတို့ လူပ်ရှားမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ယနေ့ စစ်တွေမြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

“ နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက် အစောကြီးကနေ ပေါက်တောမြို့ အထက ကျောင်းရှေ့မှ နေပြည်တော်အထိ စက်ဘီးစီး လူပ်ရှားမှုကို စတင်မှာ ဖြစ်ပါတယ်။ အခုကြုံနေရတဲ့ မောင်တော ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ ရခိုင် လူငယ် တစ်ယောက် အနေနဲ့ ကိုနိုင်တဲ့ ဘက်က လုပ်ပေးချင်တာနဲ့ ဒီခရီးစဉ်ကို အကောင်အထည် ဖော်တယ်။ ဖော်ပြီးတဲ့နောက်ပိုင်း အချိန်ယူပြီးတော့ ကျွန်တော်တို့ တဖြည်းဖြည်း တဖြည်းဖြည်းလုပ်လာတာ ဒီအနေအထားကို ရောက်လာတာပါပဲ ”ဟု ကိုခိုင်ဘိုဘိုက နိရဉ္စရာသို့ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်မည့် သူတို့ခရီးစဉ်သည် ရက်ပေါင်း ၃၂ ရက်ကြာမြှင့်မည်ဟု သတ်မှတ်ထားပြီး ခရီးစဉ်အတွင်း ရရှိလာသော အကူအညီအထောက်အပံ့များကို ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ တဆင့် မောင်တောမြို့နယ်ရှိ ဒုက္ခ ရောက်နေကြသည့် ရခိုင် တိုင်းရင်းသားများကို ထောက်ပံ့ ကူညီပေးသွားမည် ဟု ဆိုသည်။

“သာမန်လူတွေမလုပ်နိုင်တဲ့ အတိုင်းအတာတစ်ခုကို လုပ်ခွင့်ရတဲ့အတွက် ကျွန်တော့်ကို ကျွန်တော် ဂုဏ်ယူပြီးတော့ ကျွန်တော့်ကို စက်ဘီးစီး ခွင့်ပြုတဲ့ ကျွန်တော့် အစ်ကိုနဲ့ ကျွန်တော့်အမေကိုလည်း ကျေးဇူးအများကြီးတင်တယ်လို့ ပြောချင်ပါတယ် ”ဟု ကိုကျော်မြင့်ဌေးက နိရဉ္စရာသို့ပြောသည်။

ခရီးစဉ်အတွင်း သူတို့၏လုံခြုံရေးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက တာဝန်ယူထားပြီး လမ်းခရီး တလျှောက် ဌာနဆိုင်ရာဝန်ထမ်းများ၏ အကူအညီများကိုလည်း ရယူ သွားမည်ဟု ဆိုသည်။

ခရီးစဉ်အတွင်း မည်သည့်တောင်းဆိုမှု လုပ်သွားမည် မဟုတ်ဘဲ ရန်ကုန်နှင့် နေပြည်တော်ရှိ ရခိုင်လွှတ်တော်အမတ်များနှင့် ရခိုင်လူမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံကာ မောင်တော အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဆွေးနွေး တင်ပြသွားမည်ဟုလည်း သူတို့က ပြောသည်။

No comments: