Tuesday, November 22, 2016

မူဆယ်ရဲစခန်းရဲစခန်း ပစ်ခတ်ခံရပြီး တစ်ချိန်တည်းတွင် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ

စိုးသူအောင်

မနေ့ ည ၉ နာရီခန့်တွင် မူဆယ်ရဲစခန်းကို လက်နက်ကိုင်များပစ်ခတ်ခဲ့ပြီး ပြီး တစ်ချိန်တည်းတွင် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရထား ကြောင်း ကာယကံပရဟိတအသင်းမှ ကိုမောင်မျိုးက မဇ္စျိမသို့ ပြောသည်။

“ မြန်မာနိုင်ငံ၊ ပြည်သူ့ရဲစခန်းကိုပစ်သွားတယ် နှစ်ခေါက်ပေါ့ ၊ နှစ်ကြိမ်ပစ်သွားတယ်။ ဘယ်သူမှန်းမသိဘူး ဆိုင်ကယ်တစ်စီးရယ် ကားတစ်စီးရယ်ပစ်သွားတာ “ ဟု၎င်းက ပြောဆိုသည်။

အဆိုပါ မူဆယ်မြို့မ ရဲစခန်းပစ်ခတ်ခံရသည့် ည ၉ နာရီခန့်အချိန်တွင် မူဆယ်မြို့ နာရီစင် မီးပွိုင့်လမ်းဆုံတွင် သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္မဏီမှ အလုပ်သမား အောင်ဇော်မင်း ဆိုသူသည် သူငယ်ချင်းဖြစ်သူကို ဆိုင်ကယ်ဖြင့် ပို့ဆောင်စဉ် ည ၉နာရီခန့်က KIA/TNLA နှင့် MNDAA အဖွဲ့များမှ ပစ်ခတ်သည့် လက်နက်ငယ် ကျည်ထိမှန်ပြီး ရင်ဘတ်ဖောက်ဝင် ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး မူဆယ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။

“ ၄ ခွဲလောက်က တစ်ယောက် ရဲစခန်းအပစ်ခံရပြီးတော့ ၁ယောက်ရောက်တယ် ၁၀ နာရီကျော်လောက်ကပေါ့ ။ သူက ဗိုက်ကိုထိတာ အူတွေအကုန်လုံးထွက်ထားတာ အခြေနေသိပ်မကောင်းဘူး။ OT ၀င်ပြီးပြီ ၊ သွေးလည်း ၂လုံးသွင်းပြီးပြီ ။သိပ်အဆင်မပြေတော့ဘူး “ ဟု မူဆယ်ကုတင် ၁၀၀ ဆန့်ဆေးရုံမှ ဆေးလူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မရဲစခန်းသို့ နိုဝင်ဘာ ၂၁ ရက် ည ၉ နာရီတွင် KIA/ TNLA လက်နက်ကိုင်အဖွဲ့သည် ၄၀ မမ ၁ လုံး၊ လက်နက်ငယ် ၇ ချက်ဖြင့် အဝေးမှ လာရောက် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ် ရှင်းလင်းခဲ့ရာ KIA/ TNLA လက်နက်ကိုင် အဖွဲ့များသည် ပြန်လည် ဆုတ်ခွာသွားကြောင်း အတိုင်ပင်ခံရုံးမှ ယနေ့သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် နယ်မြေခံ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မြို့ အဝင်၊ အထွက် နေရာများ၊ လှည့်ကင်းများဖြင့် စနစ်တကျ စစ်ဆေး ရှာဖွေ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

No comments: