Friday, November 4, 2016

ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲထားတဲ့ ပန်းချီကား လေလံဈေး ဒေါ်လာ ၁ သိန်းခွဲထိ မြင့်တက်

အောင်ဆန်းဦး


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲထားတဲ့ ပန်းချီကားရဲ့လေလံဈေးဟာ နှစ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၁ သိန်းခွဲအထိ မြင့်တက်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျနေတုန်းကာလ ၂၀၀၉ ခုနှစ်က ရေးဆွဲခဲ့တဲ့ ပန်းချီကားကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် လေလံတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။

ပန်းချီကားတန်ဖိုးကို ကြမ်းခင်းဈေး ဒေါ်လာ ၅၀၀၀ နဲ့ နိုဝင်ဘာ ၁ ရက်နေ့က လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ကြေညာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကန်ဒေါ်လာ ၁ သိန်းခွဲအထိ မြင့်တက်သွားခဲ့ပါတယ်။

လေလံတင်ရောင်းချပေးသူ ဦးမောင်မောင်အေးက “ပုံထဲမှာဆိုရင် ဒီသံဆန်ခါလေး ပါမယ်။ ဒါ ရေစပ်မှာ ရှိတဲ့ သံဆန်ခါတွေ ကာထားတာ။ ပြီးတော့မှ ကင်းတဲလေးပေါ့နော်။ ကင်းတဲထဲမှာ အစောင့်တွေ ထားတာပေါ့နော်။ အရှေ့မှာလည်း ရှိတယ်။ လမ်းထိပ်မှာလည်း ပိတ်ထားတယ်။ ဒီရေစပ်မှာပါ ကင်း ထားတာပေါ့နော်။ ဒါကတော့ အင်းယားကန်ပေါ့။ အင်းယားကန် ဆိုပေမယ့် ငါးလေးက ဒီသံဆန်ခါအပြင်ဘက်မှာ ရောက်နေတယ်။ ရေထဲမှာလည်း မရှိဘူးဆိုတော့ အမျိုးမျိုး ခန့်မှန်းကြည့်မယ်ဆိုရင် ကျနော်တို့ ခန့်မှန်းကြည့်လို့ရတာပေါ့နော်။ ငါးက သူ့ကို ကိုယ်စားပြုမလား၊ ပြည်သူကိုပဲ ကိုယ်စားပြုမလားပေါ့နော်။ အဲဒါလေးက သမိုင်းဝင် ဖြစ်တယ်ဆိုတဲ့ အကြောင်းကတော့ အားလုံးလည်း သိပြီးသားဆိုတော့ ဒီပန်းချီကားရဲ့ တန်ဖိုးဆိုတာ တကယ်တော့ တန်ဖိုးထပ်ဖြတ်လို့ မရပါဘူး” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အမေရိကန်ဒေါ်လာ ၁ သိန်းခွဲနဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တဲ့ ကိုအရည်ကြိုက အမြင့်ဆုံးဈေး ပေးထားတာပါ။

ပန်းချီကားဟာ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒီမိုကရေစီတိုက်ပွဲကာလ နေအိမ် အကျယ်ချုပ်ကျခံနေရချိန်က ဖြစ်ပေါ်ခံစားရတဲ့ ခံစားချက်တွေနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတချပ် ဖြစ်ပါတယ်။

အဲဒီပန်းချီကားကို လေလံ နောက်ဆုံးရက်မတိုင်ခင် အများပြည်သူ ကြည့်ရှုနိုင်အောင် ပြသနိုင်ဖို့လည်း ကြိုးစားနေပါတယ်။

“ဒီရက်ပိုင်းမှာတော့ ကျနော်တို့ စဉ်းစားထားတာ ရှိပါတယ်။ ဒီရက်ပိုင်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ တာဝန်ရှိတဲ့ လူကြီးတွေနဲ့ တိုင်ပင်ကြည့်ပြီးတော့မှ ၂၅ ရက်နေ့ မတိုင်ခင်မှာ ကျနော်တို့ တခုခုပေါ့နော်၊ အချိန်ကာလလေးတခုလောက် သတ်မှတ်ပြီးတော့ တနေရာမှာ ပြမလား၊ အဲဒါမျိုးပေါ့နော်။ စဉ်းစားကြည့်တာပေါ့။ အဲဒါကတော့ မသေချာသေးပါဘူး” လို့ ဦးမောင်မောင်အေးက ပြောပါတယ်။

ပန်းချီကား ရောင်းချငွေအားလုံးကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းမှာဖြစ်ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေနဲ့ မြန်မာနိုင်ငံအတွင်းက ရေဘေး၊ စစ်ဘေး ခံစားနေရတဲ့ ပြည်သူတွေအတွက် ကူညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။

ပန်းချီကားကို နိုဝင်ဘာ ၂၅ ရက် လေလံနောက်ဆုံးရက်မှာ အမြင့်ဆုံး ပေးတဲ့သူကို ရောင်းချသွားမှာ ဖြစ်ပါတယ်။

No comments: