Tuesday, November 8, 2016

လူငယ်ဘောလုံးကစားသမားကောင်းများ ပေါ်ထွက်ရေး အင်တာမီလန်ကလပ်နှင့် ပူးပေါင်းမည်

လွှမ်းမိုးအောင်


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဘောလုံးအကယ်ဒမီတွေအတွက် အီတလီ ထိပ်သီးကလပ် အင်တာမီလန်အသင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ လူငယ်ဘောလုံးကစားသမားကောင်းတွေ ထွက်ပေါ်လာဖို့အတွက် အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးထားတာပါ။

ဒီလို ပူးပေါင်းဆောင်ရွက်ဖို့အတွက် အင်တာမီလန်အသင်းဘက်က ကမ်းလှမ်းတာဖြစ်ပြီး နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ဆက်ပြီးလုပ်ဆောင်ဖို့ရှိတယ်လို့ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

“အင်တာမီလန်ကလပ်နဲ့ ကျနော်တို့ ပါတနာရှစ်လုပ်ဖို့အတွက်ကို မပြီးပြတ်သေးဘူး။ ဒီရက်ပိုင်းအတွင်းမှာ ကျနော်တို့ ဆုံးဖြတ်ဖို့ရှိပါတယ်။ အင်တာမီလန်ကလပ်နဲ့ သူတို့တောင်းတဲ့ Fees တခု ညှိနေတာရှိတယ်။ သူတို့တောင်းတာကတော့ ဒေါ်လာ ၂ သိန်းခွဲလောက် ရှိတယ်။ ဒါကို ကျနော်တို့က ထပ်ပြီးတော့ စိစစ်ပေးဖို့ သူတို့နဲ့ ဆွေးနွေးနေတဲ့ အနေအထားရှိတယ်။”

အင်တာမီလန်အသင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှုရမယ်ဆိုရင် မြန်မာဘောလုံးအကယ်ဒမီတွေမှာ အင်တာမီလန်အသင်း နည်းပြတွေ လာရောက်လေ့ကျင့် သင်ကြားပေးမှာဖြစ်ပြီး မြန်မာနည်းပြတွေကိုလည်း အင်တာမီလန်အသင်းမှာ သွားရောက်ပြီး နည်းပြသင်တန်းတွေ တက်ရောက်ခွင့်ရမှာပါ။

“လက်ရှိ အင်တာမီလန်ကလပ်က ကျနော်တို့ကို Offer လုပ်ထားတာက သူတို့ဆီမှာရှိတဲ့ သင်တန်းပေါ့၊ သူတို့ဆီက နည်းပြ ၃ ဦး ကျနော်တို့ဆီလာပြီး အကယ်ဒမီမှာ လာထားပေးမယ်။ Syllabus တွေအကုန်လုံး ဒီမှာ လာသင်ပေးမယ်။ ပြီးရင် ကျနော်တို့ဆီက Coach တွေ ဟိုမှာသွားပြီး ထရိန်နင်လုပ်ရမယ်။ Coach သင်တန်းတွေ သွားတက်ရမယ်။ ပြီးရင် ကျနော်တို့ ဒီဘက်က လူငယ်ကလေးတွေကို ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ဖြစ်ဖြစ် ဟိုမှာသွားပြီးတော့ Visit လုပ်တာတို့၊ သူတို့ရဲ့ အကယ်ဒမီက ဘာတွေ လုပ်နေလဲ။ အကုန်လုံးပေါ့။ Exchange Program ပုံစံမျိုးပေါ့နော်။ ဒါ ပါတနာရှစ်ထဲမှာ အကုန်လုံးပါတယ်။ အဓိကကတော့ ကျနော်တို့ Technical Department က ကျနော်တို့ ကစားသမားတွေ အီတလီကစားကွက်နဲ့ ကျနော်တို့ အန်ဝင်မှု ရှိ၊ မရှိပေါ့နော်။ ကျနော်တို့က စပိန်ဆို စပိန်ကစားကွက်၊ အီတလီဆို အီတလီကစားကွက် အဲဒါမျိုး ကျနော်တို့က သေချာလေး Serious ထားပြီး လုပ်မှရမယ်” လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

အင်တာမီလန်အသင်းက တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လက မြန်မာနိုင်ငံကို လာရောက်ပြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အင်တာမီလန်အသင်းနဲ့ သဘောတူစာချုပ် ချုပ်ဆိုနိုင်မယ်ဆိုရင် အင်တာမီလန် စီနီယာအသင်းကြီးဟာလည်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။

No comments: