Tuesday, November 22, 2016

မလေးရှားရောက် မြန်မာများလုံခြုံရေးအတွက် မြန်မာသံရုံးသတိပေး

DVB


မလေးရှာနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ မြန်မာနိုင်ငံသားတွေကို အငှား ယာဉ်မောင်းသမားတွေက အုပ်စုဖွဲ့အနိုင်ကျင့် လုယက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့ အတွက် မြန်မာသံရုံးက လုံခြုံရေး သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်ကိစ္စနဲ့ ကောင်စစ်ရေးရာကိစ္စတွေ ဆောင်ရွက်ဖို့ ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ လာရောက်ကြရာမှာ ကွာလာလမ်ပူမြို့ အဝေးပြေးကားဂိတ် (TBS)ကို နံနက်အစောပိုင်းရောက်ရှိစဉ် အငှားယာဉ်မောင်းသမားအချို့က အုပ်စုဖွဲ့အနိုင်ကျင့် လုယက်ခဲ့ကြတာလို့ သံရုံးရဲ့ နိုဝင်ဘာ ၂၁ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ရပ်ဝေးနေ မြန်မာနိုင်ငံသားတွေအနေနဲ့ ကွာလာလမ်ပူမြို့သို့ လာရောက်ကြရာမှာ ညပိုင်းထွက်ခွာတဲ့ ဘတ်စ်ကားတွေနဲ့ မလာဘဲ မနက်ပိုင်းထွက်တဲ့ ဘတ်စ်ကားတွေနဲ့သာ လာရောက်ကြဖို့နဲ့ သံရုံးသို့ မွန်းလွဲ ၂ နာရီအချိန်အထိ နောက်ဆုံးထား ရောက်လာသူတွေ အတွက် ရုံးလုပ်ငန်းတွေ လက်ခံဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သံရုံးရဲ့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီး သံရုံးကောင်စစ်ဝင်းဂိတ်တံခါးကို နံနက် ၈နာရီအချိန်မှသာ စတင်ဖွင့်လှစ်မယ်၊ သံရုံးအဆောက်အဦထဲကို ရုံးကိစ္စဆောင်ရွက်မယ့် ကာယကံရှင်ကလွဲလို့ အခြားမသက်ဆိုင်သူတွေကို ဝင်ရောက်ခွင့်ပေးမှာမဟုတ်ဘူးလို့လည်း အသိပေးကြေညာထားပါတယ်။

No comments: