Tuesday, November 8, 2016

စစ်တွေဒကစ ဌာနချုပ်ရှိ လက်နက်တိုက် ပေါက်ကွဲ

မာန်ယုကျော် (ရွှေဝမြေ)


ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (စစ်တွေဌာနချုပ်)၏ ဗဟိုကင်းတွင် ယနေ့ (နိုဝင်ဘာ ၇ ရက်) မွန်းလွဲ ၁၂ နာရီကျော်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့၏သတင်းထုတ်ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က နိရဉ္စရာသို့ အတည်ပြုပြောသည်။

“ပေါက်ကွဲမှုဖြစ်တာ မှန်ပါတယ်။ လက်နက်တိုက်မှာရှိနေတဲ့ ယမ်းတွေရဲ့ ချို့ယွင်းချက်မှုကြောင့် ပေါက်ကွဲခဲ့တာပါ။” ဟု ဝန်ကြီးဦးမင်းအောင်က ဆိုသည်။

ယခုကဲ့သို့ပေါက်ကွဲခဲ့မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း ၇၆ မမ အလုံးရေ ၂၄ဝ ပျက်စီးဆုံးရှုံးခဲ့ပြီး ၁၂ဝ မမ အလုံးရေ ၂၄ဝ ကို ထိန်းသိမ်းနိုင်လိုက်နိုင်သည်ဟု ဝန်ကြီးက ဆိုသည်။

အခင်းဖြစ်ပွားရာအနီးရှိ မျက်မြင်တစ်ဦးက “အချက် ၃ဝ လောက်ပေါက်ကွဲသံတွေ ထွက်လာပါတယ်။ တချက် တချက်ကြားလိုက်တိုင်း မိုးခြိမ်းသံတွေလိုမြည်ဟိန်းသွားတာပဲ”ဟု နိရဉ္စရာသို့ပြောသည်။

ပေါက်ကွဲခဲ့ရာတွင် မီးခိုးလုံးများလည်း ဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကားအချို့လာရောက်မီးငြိမ်းသတ်မှုကြောင့် နေ့လယ် ၂ နာရီ မိနစ် ၂ဝ ခန့်တွင် အခြေအနေအားလုံးကို ထိန်းသိမ်းလိုက်နိုင်သည်ဟုလည်း ပြည်နယ်အစိုးရထံမှ သိရသည်။

No comments: