Tuesday, November 22, 2016

မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်အမြင့်ဆုံး တပ်လှန့်ထား

DVB


မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် တရုတ်စစ်တပ်က သူ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အမြင့်ဆုံး တပ်လှန့်ထားလိုက်တယ်လို့ တရုတ်ကာကွယ်ရေးဌာနကို ကိုးကားပြီး တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာဖော်ပြပါတယ်။

နိုဝင်ဘာ ၂၀ရက်မနက်က မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ တိုင်းရင်းသား ကချင်၊ပလောင်၊ ကိုးကန့်နဲ့ ရခိုင် လက်နက်ကိုင်ပူးပေါင်းတပ်တွေက အနည်းဆုံး နေရာ ၁၀ နေရာလောက်ကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ခုလို တရုတ်ဘက် လုံခြုံရေး တပ်လှန့်ထားလိုက်တာပါ။

တရုတ်တပ်မတော်အနေနဲ့ အသင့်ရှိနေဖို့ တပ်လှန့်ထားပြီး နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ ဘေးကင်းလုံခြုံရေးကိုကာကွယ်ဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ထားသလို နယ်စပ်တလျောက် နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်နဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ လုပ်ထားတယ်လို့ တရုတ်ကာကွယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

မနေ့က နယ်စပ်မှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ခြမ်း တရုတ်မြေပေါ်ကို လက်နက်ကျည်တွေ ကျရောက်ခဲ့တယ်လို့လည်း တရုတ်သတင်းတွေမှာဖော်ပြပါတယ်။ ဒါပေမယ့် မြန်မာစိုးရကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး အတည်ပြုသတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

တိုက်ပွဲတွေကြောင့် နှစ်နိုင်ငံနယ်စပ်ကိုလည်း မနေ့ကတည်းက ပိတ်ထားလိုက်ရသလို မြန်မာပြည်က စစ်ရှောင် ဒုက္ခသည်တွေ နှစ်နိုင်ငံနယ်စပ်မှာ ထွက်ပြေးလာကြ တယ်လို့ လည်းဆိုပါတယ်။

No comments: