Monday, November 7, 2016

ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ရွှေပြည်သာရှိ ရခိုင်လူထုနှင့် တွေ့ဆုံ

ရွှေရအောင်(တောင်ကုတ်)


ရန်ကုန်ရောက် ရခိုင့်တိုင်းရင်းသားများအနေဖြင့် အလုပ်လာလုပ်သည်ဖြစ်စေ၊ စက်ရုံအလုပ်ရုံတွင်ဖြစ်စေ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနသို့ လာရောက်တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောဆိုလိုက်သည်။

နိုဝင်ဘာ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အောင်ဆန်းတောရ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သော ရခိုင်လူထုနှင့် တွေ့ဆုံပွဲတွင် ရခိုင်တိုင်းရင်းသားမ ၀န်ကြီးဦးဇော်အေးမောင်မှ ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

၎င်းပြင် ၀န်ကြီးက “ကျွန်တော် ပြီးခဲ့တဲ့ ၅ နှစ်တာကာလကလည်း ရန်ကုန်ရောက် ရခိုင်တိုင်းရင်းတွေကို ၆/၆၆ သန်ခေါင်စာရင်းဝင်ဖြစ်ဖို့ အလွန်ပြောကြားခဲ့ပါတယ်။ ဒါကတော့ ကာယကံရှင်တွေကိုယ်တိုင် လိုလိုချင်ချင်နဲ့ ပါဝင် လုပ်ကိုင်ဖို့လည်းလိုပါတယ်” ဟု ပြောသည်။

ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများအနေဖြင့် ဦးစွာပထမ နိုင်ငံသာားစိစစ်ရေး ကတ်ပြား လိုချင်စိတ်ရှိရန် လိုအပ်ကြောင်း၊ အိမ်ထောင်စုစာရင်းဝင်အဖြစ် နေလိုသည့် ဆန္ဒရှိရန် လိုအပ်ကြောင်းနှင့် စီးပွားရှိပြီး ကိုယ်ပိုင် တိုက်ခန်းရှိမှသာလျှင် အိမ်ထောင်စု စာရင်းဝင်နိုင်မည်ဖြစ်ကြောင်း ဆက်ပြောသည်။

“ရန်ကုန်ကိုအလုပ်လုပ်ဖို့လာတဲ့သူတွေအတွက် အခက်အခဲရှိ ထောက်ခံစာမရဘူးဆိုရင် ရန်ကုန်တိုင်း ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီဌာနကိုလာခဲ့ပါ။ ကျွန်တော်ထောက်ခံပေးပါမယ်။ လေဘာကအစ အဆင်ပြေအောင် စီစဉ်ပေးပါမယ်” ဟု ၀န်ကြီးကဆက်ပြောသည်။

ရန်ကုန်တွင်ရောက်ရှိနေသည့် ရခိုင်တိုင်းရင်းသားအရေအတွက်မှာ ၃ သိန်းခန့်ရှိရာ ၆ သောင်းခန့်သာ သန်ခေါင်စားရင်းဝင်ဖြစ်သောကြောင့် သန်ခေါင်စာရင်း မရှိသူများအနေဖြင့် အလုပ်အကိုင်အခွင့်လမ်းများလျှောက်ရာတွင် အခက်အခဲရှိနေကြောင်း ၀န်ကြီးက ပြောကြားသည်။

ရွှေပြည်သာမြို့နယ် ရခိုင်လူထုနှင့် တွေဆုံပွဲတွင် ရခိုင်အမျိုးသားပါတီဗဟို အတွင်းရေးမှူး ဦးသာထွန်းလှ၊ ရန်ကုန်တိုင်း ပါတီဥက္က ဦးအေးမောင်၊ ရွှေပြည်သာရှိ ရခိုင်တိုင်းရင်းသား ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments: