Monday, November 21, 2016

အကြမ်းဖက်သံသယရှိသူ ၉၀ ကျော် ထပ်မံဖမ်းဆီးရမိ

DVB


ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ အကြမ်းဖက်တိုက်ခိုက်သူတွေလို့ သံသယရှိသူ အယောက် ၉၀ ကျော်ကို ထပ်မံဖမ်းဆီးရမိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုလက်အောက်ခံ ငါးခူရနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းစဉ် အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီခန့်က မောင်တောမြို့နယ် ကြက်ရိုးပြင်ကျေးရွာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ၆၀ ဦးကို ဖမ်းမိတာလို့ ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးရမိသူတွေကို အောက်တိုဘာ ၁၁ ရက်က ကြက်ရိုးပြင်ကျေးရွာ၊ လောင်းတုံကျေးရွာနဲ့ ပြောင်ပိုက်ကျေးရွာတွေအနီး တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖော်ထုတ်ဖမ်းဆီးမိတာလို့ ဆိုပါတယ်။

အလားတူ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းမှာပဲ မောင်တောမြို့နယ် ငန်းချောင်းကျေးရွာမှာ မသင်္ကာသူ ၃၃ ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပါတယ်။

အဆိုပါ ဖမ်းဆီးရမိသူတွေကတော့ နိုဝင်ဘာ ၁၂ ရက်က မယင်းချောင်းကျေးရွာ တိုက်ပွဲမှာ တိမ်းရှောင်သွားတဲ့ မသင်္ကာသူတွေဖြစ်ပြီး ဖားဝပ်ချောင်းရွာသား ၇ ဦး၊ မျောတောင်ရွာသား ၉ ဦးနဲ့ ပွင့်ဖြူနေချောင်းရွာသား ၁၇ ဦး စုစုပေါင်း ၃၃ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် မောင်တောမြို့နယ်တွင်း နယ်ခြားစောင့်ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရပြီးကတည်းက အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ဖမ်းဆီးထားသူပေါင်း ၃၀၀ ကျော် ၄၀၀ ၀န်းကျင်ရှိနေပြီ ဖြစ်ပါတယ်။

No comments: