Monday, November 21, 2016

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ မူဆယ်တွင် ၁ ရက်အတွင်းတိုက်ပွဲ ၁၁ကြိမ်ဖြစ်ပွားဟု အစိုးရထုတ်ပြန်

စိုးသူအောင်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA (တအာင်းအဖွဲ့)၊ KIA (ကချင်အဖွဲ့) နှင့် MNDAA (ကိုးကန့်အဖွဲ့) တို့ နိုဝင်ဘာ ၂၀ရက် နေ့လယ် ၃နာရီကျော်အထိ တစ်ရက်အတွင်း တိုက်ပွဲ ၁၁ကြိမ်ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၂ နာရီ အချိန်ခန့်မှစ၍ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

အတိုင်ပင်ခံရုံးထုတ်ပြန်ချက်တွင် AA (ရခိုင်အဖွဲ့) ကို ထည့်သွင်းဖော်ပြထားခြင်းမရှိသော်လည်းဟု ရခိုင့်တပ်မတော် (AA) ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက KIA ၊ AA၊ MNDAA၊ TNLA တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း မဇ္ဈိမကို
ဖြေကြားထားသည်။

မူဆယ်မြို့မ ရဲစခန်း၏ အရှေ့တောင်ဘက် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းဇုန်အနီးရှိ တပ်စခန်းကုန်းသို့ KIA (ကချင်)အဖွဲ့နှင့် TNLA (တအောင်းပလောင်)အဖွဲ့ ပူးပေါင်း အင်အား ၁၅၀ ခန့်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုန်သွယ်ရေးဇုန်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် လဲချားမြို့နယ်နေ မောင်ဇော်သက် (၂၀)နှစ် သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် ပြည်သူ (၆) ဦး ဒဏ်ရာရရှိခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများအား ဆက်လက် ထုတ်ပြန်သွားမည် ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

မူဆယ် ကုတင် ၁၀၀ဆန့်ဆေးရုံ လူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းကမူ နိုဝင်ဘာ ၂၀ရက် နေ့လယ် ၃နာရီအထိ ရဲတပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦးစိုးရိမ်ရသည့် အနေအထားရှိကာ ဒဏ်ရာရသူ စုစုပေါင်း ၂၉ဦး ဆေးရုံရောက်နေကြောင်း မဇ္ဈိမကို ပြောသည်။

လက်နက်ကိုင်အဖွဲ့များက နန့်ပေါ်တံတားအား မိုင်းဖေါက်ခွဲခြင်း၊ တံတားအနီးရှိ ဈေးဆိုင် (၃) ဆိုင်အား မီးရှို့ခြင်း၊ သိန္နီမြို့ နမ္မတူ တံတားအား ပါဂျဲရိုး ယာဉ်ဖြင့် ဗုံးဖေါက်ခွဲခြင်းများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်ဖော်ပြမှု အရသိရသည်။

တိုက်ပွဲများကြောင့် လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားခဲ့ပြီး နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၃ နာရီခန့်တွင် ဗုံးခွဲခံရသော သန္နီတံတားအား ၁၂ ဘီးကားအထိသွားလာဖြတ်သန်းပေးထားသော်လည်း၂၂ ဘီးကုန်တင်ဆောင်လာသောတွဲကားများအား အခြေအနေအရ ဖြတ်သန်းခွင်ယာယီ ပိတ်ထားသည်။

No comments: