Wednesday, November 2, 2016

ဘီအမ် (BM ) ဘတ်စ် ကားများ စတင် အပ်နှံလဲလှယ်နိုင်

စိုးသူအောင်

ဘီအမ် (BM) ယာဉ်များမှာ ကြံ့ခိုင်မှုပိုင်း မကောင်းတော့သည့်အပြင် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ် ပွားနေသည့်အတွက် အခြားယာဉ်များဖြင့် အစားထိုးနိုင်ရန် နိုဝင်ဘာလမှ စတင်၍ လဲလယ်အပ်နှံနိုင်ပြီဖြစ် ကြောင်း ရန်ကုန်တိုင်းယာဉ်စည်းကမ်း ထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာ မောင် အောင် ကမဇ္စျိမသို့ ပြောသည်။

“ တော်တော်များများ သူတို့ ဘီအမ်မောင်းတဲ့ သူတွေ ကြမ်းတာလည်း ပါရင်ပါမှာပေါ့နော် ။ ဒါပေမယ့် ပြဿနာ က ဘီအမ်နဲ့ဖြစ်တဲ့ ပြသာနာက မတော်တဆမှုရော ဒီပြင်ဟာရောများတော့လေ ဘီအမ်ကို စတင်ပြီးဖျက်သိမ်း ဖို့က အဓိကပဲ" ဟု ၄င်းက ပြောသည်။

အစားထိုး အပ်နှံရာတွင် ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရန် ရွေးချယ်ခွင့်အနေဖြင့် ဘီအမ် ယာဉ်များကို အပ်နှံပြီး မီနီဘတ်စ် ကားများတင်သွင်း ပြေးဆွဲခွင့်ပြုရန်၊ ရောင်းချလိုပါကလည်း ရောင်းချနိုင်ရန်နှင့် အိမ်စီးကားအဖြစ် ပြောင်းနိုင်ရန် ရွေးချယ်ခွင့် ၃ မျိုး စီစဉ်ပေးထားကြောင်း ရန်ကုန် တိုင်းယာဉ်စည်းကမ်း ထိန်းသိမ်းရေး အာဏာ ပိုင်အဖွဲ့မှ သိရသည်။

ယင်းသို့ စီစဉ်နေသော်လည်း ဘီအမ်ယာဉ် ပိုင်ရှင်အများစုအနေဖြင့် ကားလဲလှယ်ကာ စလစ်ထုတ်ပြီး မီနီဘတ်စ်ကဲ့သို့ ကားများဝယ်ယူရန် ငွေကြေး အခက်ခဲတွေရှိနေကြသောကြောင့် အခက်ခဲတွေဖြစ်လာနိုင်သည်ဟု ၄၂ ယာဉ်လိုင်းမှ ဘီအမ် ကားပိုင်ရှင် ဦးလွင်မော်က ပြောသည်။

“ ဘာဖြစ်လို့လည်းဆိုတော့ CNG တွေတုန်းကလည်း လူတွေက ပြောင်းပြောင်းဆိုတော့ အဲဒီ မှာလည်းလူ တွေက အကြွေးတွေတင်ကြ CNG ကိစ္စတွေ အဆင်ပြေလာတော့လည်း ယာဉ်တွေပြောင်းရမယ်ဆိုတော့ နည်းနည်းတော့ ကသီတာပေါ့လေ " ဟု ဦးလွင်မော်က ဆိုသည်။

ယာဉ်ပိုင်ရှင်များအနေဖြင့် မီနီဘတ်စ် တင်သွင်းပြီး လိုင်းကားဆက်လက်ဆွဲမည်ဆိုပါက CNG ကိုပြန် လည်ပေး သွားမည်ဖြစ်ပြီး အိမ်စီးကားအဖြစ် ပြောင်းလဲလျှောက်ထားပါက CNG ကို အစိုးရအားပေးအပ်ရမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောဆိုသည်။

ဘီအမ်ယာဉ်များကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကာ ဖျက်သိမ်းရန် အပ်နှံခွင့်ပြုထားသော်လည်း လောလော ဆယ်တွင် ယာဉ်လိုင်းပြေးဆွဲခွင့်ကို ပိတ်ပင်သွားရန်မရှိသေးကြောင်းလည်း သိရသည်။

“ ဒါပြောရတာခက်တယ် သူတို့လုပ်စားလို့ မရဘူးတို့ဖြစ်သွားမှာပေါ့ ။ တဖြည်းဖြည်းတော့ ဒါတွေကတော့ အစားထိုးသွားမှာပဲ ဘယ်လောက်ကြာမယ်ဆိုတာလည်း ပြောလို့မရသေးဘူး " ဟု ဒေါက်တာမောင်အောင်က ပြောသည်။

ရန်ကုန်တိုင်းတွင် BM ကား (ခ) လိုင်စင်ဖြင့် အစီးရေ (၇၂၀) ရှိပြီး BM (ဃ) လိုင်စင်ကြိုပို့ ကားများနှင့်ပေါင်းလျင် ရန်ကုန်တွင် စုစုပေါင်း အစီး (၉၀၀)ခန့်ရှိကြောင်း သိရသည်။

No comments: